သားဖြစ်သူနားရေးလုပ်နေတဲ့အိမ်ကို လက်နက်ကြီးကျလို့ ဖခင်အပါ ၂ ဦးသေဆုံး

0 45
0 45

ကျောက်တံခါး၊ ဩဂုတ် ၃၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာမှာ သားဖြစ်သူနာရေးအတွက် ဆွမ်းကပ်အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့အိမ် လက်နက်ကြီးကျပြီး ဖခင်ဖြစ်သူအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၉ ရက်ည ၇ နာရီမှာ ခမရ ၃၀၇ ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၉ နှစ်အရွယ် ဦးဖိုးကျော်နဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်ကြည်ကြည် တို့ သေဆုံးခဲ့တာပါ။

ဦးဖိုးကျော်ရဲ့သားဖြစ်သူ ကိုဇင်ကိုထက်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စက်ရုံ ၁ ခုမှာအလုပ်လုပ်နေရင်း ကျန်းမာရေးကြောင့် သြဂုတ် ၂၈ မှာသေဆုံးခဲ့တဲ့အတွက် အလောင်းကိုသူနေထိုင်တဲ့နေရာမှာ သင်္ဂြိုဟ်ပြီး မိသားစုက နေအိမ်မှာဆွမ်းကပ်တရားနာဖို့ ပြင်ဆင်နေကြချိန် ခုလိုလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“ဆုံးတာက သူ့အဖေရယ် အိမ်နီးကပ်လျက် အန်တီကြီး ၁ ယောက်ရယ်။ သူကထိုင်းမှာဆုံးတာ။ ကျနော့်ညီတွေ အလုပ်လုပ်တဲ့စက်ရုံမှာ။ အဲ့ဒါကိုမိဘတွေက နာရေးလုပ်ခွင့် စစ်တပ်မှာတောင်းတယ်။ သူ့အတွက်နာရေးကို နယ်ကအိမ်မှာလုပ်ရင်း ဖြစ်တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် နာရေးမှာဝိုင်းကူလုပ်ပေးနေတဲ့ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန်လို့သေဆုံးခဲ့တဲ့ ဦးဖိုးကျော်နဲ့ ဒေါ်ကြည်ကြည်တို့ရဲ့ နာရေးကိုတော့ ဩဂုတ် ၃၀ ရက်က ပဲနွယ်ကုန်းမြို့၊ ငမော့တော့သုသာန်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်ညပိုင်းကလည်း ကျောက်တံခါးမြို့နယ်၊ နတ်တလင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေး ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။