PDF ယောင်ဆောင်ထားတဲ့ စစ်ကြောင်းက ပြည်သူ ၅ ဦးကို ဖမ်းသွား

အင်းတော်၊ မတ် ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက ညဝင်အိပ်ပြီး ပြန်ထွက်သွားချိန်မှာ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ PDF ယောင်ဆောင် စစ်ကြောင်းဟာ မတ်လ ၂၂ ရက် ညဘက်မှာ မံဟဲကျေးရွာကို ဝင်လာပြီး အမျိုးသားတွေကို ဖမ်းကာ ရွာဘုန်းကြီးကျောင်းထဲမှာ နှစ်ညအိပ်ပြီး မတ်လ ၂၄ ရက် ဒီမနက် ၂ နာရီမှာ ပြန်ထွက်သွားခဲ့တာဖြစ်တယ်လို့ ရွာသားတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး Indaw Revolution-IRရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စကစတွေက ရွာထဲဝင်လာတဲ့အခါမှာ မိုးကာအလုံပိတ်ထားတဲ့ ကုန်ကား ၂ စီးနဲ့ပါ။ ရွာထဲရောက်တော့ ရွာကအမျိုးသားတွေအကုန်လုံးကို ဖမ်းဆီးပြီးတော့ ရိုက်နှက်တယ်။ စကစတွေ ပြန်ထွက်တဲ့အချိန်မှာတော့ အမျိုးသားတွေထဲက ငါးယောက်ကို ဖမ်းခေါ်သွားတာ” လို့ဆိုပါတယ်။

မံဟဲကျေးရွာမှာ အင်းတော်မြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးပြီး ကချင်ပြည်နယ်နဲ့ အင်းတော်မြို့နယ်စပ်မှာ တည်ရှိကာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

“ဒီရွာကို စကစတွေဝင်ရောက်ခဲ့တာက ဒလန်တွေ သတင်းပေးပို့ချက်အရလို့ သိထားရတယ်။ အဖမ်းခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ မသိရှိရသေးဘူး။ ဒါပေမဲ့လို့ အဖမ်းခံရသူတွေက ရွာခံသားတွေလို့ သိထားရတယ်” လို့ ဆိုပါတယ်။

လက်ရှိ မံဟဲကျေးရွာက ထွက်သွားတဲ့ စစ်ကြောင်းမှာ အင်းတော်မြို့ထဲကို ရောက်သွားခဲ့ပြီးဖြစ်ကာ သူတို့ဟာ PDF ဝတ်စုံတွေကို ဝင်ဆင်ထားကြတဲ့အတွက် ဘယ်တပ်မ၊ တပ်ရင်းကဆိုတာကို မသိရှိရဘူးလို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၁၅ ရက် ည ၉ နာရီကျော်ကလည်း အင်းတော်မြို့နယ်ထဲက ကြံ့ခိုင်ရေးပါတီကြီးစိုးတဲ့ တုံးလုံကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုအောင်ကောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။