စစ်ကောင်စီတပ်က မြကန်ရွာကိုမီးရှို့ပြီး အဘိုးတဦးကို သတ်သွား

ခင်ဦး၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက မတ်လ ၂၃ ရက် မနက် ၈ နာရီအချိန်မှာ ဝင်ရောက်မီးရှို့ပြီး အသက် ၆၀ ကျော် အမျိုးသားတဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ဖြစ်ပြီး၊ သေဆုံးနေတဲ့ရုပ်အလောင်းကို သူ့ရဲ့နေအိမ်ထွက်ဝမှာ စစ်ကောင်စီတပ်သားတွေ ထွက်သွားခဲ့ပြီးနောက် တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

“ဦးညိုတင်ရဲ့ရုပ်အလောင်းမှာ မျက်နှာတွေ၊ လက်တွေမှာ ဒဏ်ရာတွေ တွေ့တယ်။ မျက်နှာမှာက သေနတ်ဒင်နဲ့ရိုက်ခဲ့တဲ့အရာတွေ၊ စစ်ဖိနပ်ခြေရာတွေ တွေ့ရတယ်။ သူကအိမ်ကနေ ဆိုင်ကယ်လေးနဲ့ ထွက်ဖို့ပြင်တဲ့အချိန်မှာ စကစတွေက ရှေ့ကနေ ဆောင့်ကန်လိုက်တဲ့အခြေအနေပါ” လို့ ဆိုပါတယ်။

ဓါတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကောင်စီတပ်သားတွေဟာ မြကန်ရွာက လူမနေတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာထဲပိတ်မိကျန်ခဲ့တဲ့ ဦးညိုတင်ကိုသတ်ကာ မနက် ၁၀ နာရီကျော်အချိန်မှာ ကျေးရွာက ထွက်ခွာသွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

“စကစတွေရွာထဲကို ဝင်လာတဲ့အချိန်မှာလည်း သေနတ်ပစ်ခတ်လို့ဝင်လာတာ။ ရွာသားတွေ ပြေးတဲ့ဖက်ကိုလည်း ရေဦးမြို့တိုင်းဆေးရုံကနေ လက်နက်ကြီး ခြောက်လုံးနဲ့လှမ်းပစ်တယ်။ လူတွေတော့ တယောက်မှမထိခဲ့ဘူး။ ဒါပေမဲ့ လက်နက်ကြီးစမှန်လို့ နွား၂ ကောင်သေခဲ့တယ်” လို့ ဆိုပါတယ်။

အခုလို နေအိမ်ကိုမီးရှို့ပြီး ဦးညိုတင်ကိုသတ်သွားခဲ့သူတွေက မြကန်ကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ရွာသစ်ကုန်း(ပျူ)စခန်းက အင်အား ၄၀ ခန့်ရှိ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

မြကန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး၊ စစ်ကောင်စီတပ်သားတွေဟာ ယခုအကြိမ်အပါ ၃ ကြိမ်အထိ ဝင်ရောက်မီးရှို့ခဲ့လို့ ပထမအကြိမ်မှာ နေအိမ် ၄ လုံး၊ ဒုတိယအကြိမ်မှာ ၁ လုံး၊ တတိယအကြိမ်မှာ ၁ လုံးစုစုပေါင်း လူနေအိမ် ၆ လုံး မီးရှို့ခံထားရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်တခုတည်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုမတ်လ ၂၃ ရက်နေ့အထိ ကျေးရွာပေါင်း ၆၈ ရွာက လူနေအိမ်ပေါင်း ၄၁၇၆ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးထားပြီဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။