မန္တလေးမှာ PDF အယောင်ဆောင်တွေက ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းနေ

မန္တလေး၊ မတ် ၂၃၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ထဲမှာ PDF အယောင်ဆောင်သူတွေက ပြည်သူတွေဆီက ခြိမ်းခြောက် ငွေတောင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

မတ်လဆန်းပိုင်းလောက်ကစတင်ပြီး PDF အယောင်ဆောင်ထားသူတွေဟာ ဒေသခံလုပ်ငန်းရှင်တွေနဲ့ ငွေကြေးတတ်နိုင်သူတွေထံ စာပေးပို့ပြီး ခြိမ်း​ခြေက်ငွေတောင်းနေတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောပါတယ်။

“ခုက ငွေတောင်းခံရတဲ့ သူတဦးကနေပြီး ကျနော်တို့ဆီကို သူတို့ပို့ထားတဲ့စာကို ပြန်ပို့လာပေးလို့ သိရတာ။ ဘယ်နှဦးလောက်ထိ သူတို့က ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေတောင်းထားပြီပြီလဲဆိုတာ မသိရသေးဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့အဖွဲ့က အရင်ကလည်း ခုလို ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်း အလှူခံတာမျိုးမရှိသလို နောင်လည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ ခုလုပ်ရပ်ဟာ စစ်ကောင်စီဘက်က PDF နဲ့လူထုကို သွေးခွဲနေတဲ့ လုပ်ရပ်လို့ မြင်တယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့နာမည်နဲ့ ခြိမ်းခြောက်ငွေတောင်းခံလာပါက ငွေမပေးဘဲနေဖို့နဲ့ နီးစပ်ရာ PDF အဖွဲ့တွေထံ တိုင်ကြားပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းသူတွေဟာ စစ်ကောင်စီအဖွဲ့ဝင်တွေ ဒါမှမဟုတ် စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေဖြစ်နိုင်ပြီး ငွေပေးမိပါက စစ်ကောင်စီရဲ့ထောင်ချောက်ဆင် ဖမ်းဆီးတာကို ခံရနိုင်ပြီး ငွေလည်းဆုံးရှုံး လူလည်းဖမ်းဆီးခံရနိုင်တယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်ငွေတောင်းသူတွေဟာ ငွေတောင်းခံမယ့်လုပ်ငန်းရှင်တွေရဲ့လက်ထဲ လူကိုယ်တိုင် စာပို့တာမျိုးမဟုတ်ဘဲ အိမ်ခြံတံခါးဝ၊ ဆိုင်တံခါးဝတွေမှာ စာတွေကိုထားခဲ့ပြီး တောင်းနေတာလို့ သိရပါတယ်။

ငွေတောင်းခံရသူတွေက အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး ကျပ်သိန်း ရာဂဏန်းထိပေးဖို့ ပြောဆိုထားပြီး ငွေမပေးနိုင်ပါက စစ်ကောင်စီထောက်ခံသူတွေအဖြစ် သတ်မှတ်ပြီး ပစ်ခတ်သတ်ဖြတ်သွားမယ်လို့ ဆိုထားပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။