ဂဠုန်-PDF စခန်းမှာ ယမ်းပေါက်ကွဲရာက သိန်း ၃၀၀၀ ကျော်ဖိုးခန့် ဆုံးရှုံးသွား

ဒီပဲယင်း၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဒီပဲယင်းအခြေစိုက် GALON PDF တပ်ဖွဲ့စခန်းက လက်နက်တွေ သိမ်းဆည်းထားရှိတဲ့နေရာမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေ သိန်း ၃၀၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။

မတ်လ ၂၂ ရက် မနက် ၆ နာရီလောက်မှာ တပ်ဖွဲ့ဝင်တွေ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်၊ ခဲယမ်းထားရှိတဲ့အဆောင်ကို မီးစတင်စွဲလောင်​ပြီး ပေါက်ကွဲအားပြင်းထန်လို့ အနားမကပ်နိုင်ဘဲ ဘေးလွတ်ရာကို အမြန်ရှောင်တိမ်းကြရပြီး ၂ နာရီခန့်အကြာလောက်မှ ရေပိုက်တွေနဲ့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

“ကလေးတွေက PT ပြေးနေတာ၊ အပူအအေးမမျှတလို့ မတော်တဆပေါက်ကွဲတာမျိုးပါ။ ဘယ်သူကြောင့်မှ မဟုတ်ပါဘူး။ အညာဆိုတော့ ထန်းလက်မိုးအဆောင် ကလေးတွေရဲ့ အသုံးအဆောင်တွေ၊ ဖုန်းတွေ မိုင်းမျိုးစုံနဲ့ထိပ်ဖူးတွေ၊ ပြောင်းတွေ၊ ယမ်းတို့ ငွေသား တချို့လည်း မီးလောင်တဲ့အထဲ ပါသွားတာပေါ့ဗျာ။ ပြည်သူ့ရဲ့ချွေးနဲစာနဲ့ စုဆောင်းထားတာတွေ သိန်းထောင်ချီ ဆုံးရှုံးခဲ့ရတော့ စိတ်ထိခိုက်မိတာတော့ အမှန်ပါ” လို့ ဂဠုန်တပ်ဖွဲ့တာဝန်ခံကမြေလတ်အသံကို ပြောပါတယ်။

မီးလောင်ခဲ့ရာမှာ ယမ်းမျိုးစုံ၊ မိုင်းမျိုးစုံ၊ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ၊ ဆိုဒ်စုံထိပ်ဖူးနဲ့ပြောင်းများ၊ ဖုံး ၁၀ လုံး၊ ကုတင်၊ ယာယီတဲအဆောင် ၃ လုံး၊ စောင်၊ ခြင်ထောင်၊ အဝတ်အစား အသုံးအဆောင်တွေ ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီ ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက် GALON PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီနဲ့တိုက်ပွဲပေါင်း ရာကျော်ထိ ဖြစ်ပွားခဲ့ကာ၊ ဒီပဲယင်းအပြင် ဘုတလင်၊ မုံရွာ၊ ရေဦး၊ အရာတော်၊ ရွှေဘို၊ ယင်းမာပင်၊ ကနီ နယ်တွေမှာလည်း မဟာမိတ်တပ်တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီကို ကုန်းလမ်းရောရေလမ်းပါ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလို မီးလောင်ဆုံးရှုံးခဲ့လို့ ပြည်သူများအနေနဲ့ ထပ်မံကူညီပံ့ပိုးပေးပါလို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။