Myingyan Black Tiger(MBT)ရဲ့ စခန်းအမှတ်-၂ ထပ်မံသိမ်းခံရပြီး လက်နက်တွေဆုံးရှုံး

ရေစကြို၊ မတ် ၂၂၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ် – ၁ ထင်းတန်းရပ်ရှိ Myingyan Black Tiger (MBT)ရဲ့ စခန်းအမှတ် – ၂ ထပ်မံသိမ်းခံရပြီး လက်နက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ အမှတ် – ၂ စခန်းကို ဝင်လာချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အင်အားမမျှတာကြောင့် ရဲဘော်တွေ ဆုတ်ပေးခဲ့ရပြီး လက်နက်တွေ သိမ်းဆည်းခံလိုက်ရတာဖြစ်တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ပထမစခန်းကို စကစဘက်ကသိမ်းပြီး ကျနော်တို့ဘက်က ပြန်သိမ်းခဲ့ပေမယ့် စခန်းဝန်းကျင်မှာ စကစ အဖွဲ့တွေကရှိနေသေးတော့ ဌာနချုပ်စခန်းကို အာရုံစိုက်နေရချိန် အမှတ် ၂ စခန်းကို စကစတွေ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကို စစ်ကူမသွားနိုင်ခဲ့ဘူး။ ဒါကြောင့် အမှတ် ၂ စခန်း ပါသွားတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

Myingyan Black Tiger (MBT) အမှတ် ၂ စခန်း သိမ်းခံလိုက်ရတာကြောင့် လက်လုပ်ပခုံးထမ်းလောင်ချာ ၂ လက် ၊ လက်လုပ် (RPG) ၁ လက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းခံရချိန် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သူ အခြေနေကိုမသိရပေမယ့် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ Myingyan Black Tiger (MBT) ဌာနချုပ်စခန်းကို စစ်ကောင်စီရဲ ဘီးလူးကွန်မန်ဒို စစ်ကြောင်းဘက်က ဝင်တိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော် ၂ ဦးဒဏ်ရာရကာ စခန်းသိမ်းခံလိုက်ရတာပါ။

အဲဒီနောက် စခန်းအတွင်းရှိ မိုင်းအန္တရာယ်ကို ကြောက်တာကြောင့် စစ်ကောင်စီတပ်ဟာ ဌာနချုပ်စခန်းကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်နိုင်ဘဲ မတ်လ ၁၉ ရက်နေ့မှာ Myingyan Black Tiger (MBT) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြန်တိုက်ယူခဲ့လို့ စခန်းကို ပြန်ရခဲ့တာလို့ သိရပါတယ်။

စာတည်း – 007

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။