မကွေးမှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းလုပ်နေ

မကွေး၊ မတ် ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ညောင်ကန်ရဲစခန်းနယ်မြေအပိုင် ကြာကန်ရွာအနီးမှာ စစ်ကောင်စီကိုလိုင်းကြေးပေးပြီး အပတ်စဥ် လောင်းကစားဝိုင်း ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဆန်းပိုင်းလောက်က စတင်ကာ ကြာကန်ရွာက စစ်တပ်သတင်းပေးဆိုသူ ကိုနေလင်းနဲ့ တပည့်ဖြစ်သူ ကိုပိုင်တို့ဦးဆောင်ကာ အပတ်စဥ် တနင်္လာနဲ့အင်္ဂါနေ့တွေမှာ ပြုလုပ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“လိုင်းကြေးယူထားတော့ ဖမ်းမယ့်သူမရှိဘူး။ ရွာထဲမှာ ဒိုးဇက်ဆော့တာ ဇယ်တောက်ကစားတာကြတော့ ဖမ်းတယ်။ လောင်းကစားဝိုင်းကြောင့် ယာမြေပေါင်သူတွေ၊ နွားရောင်းသူတွေအထိ ရှိလာတယ်။ လုပ်ငန်းခွင်ဝင်ရင် မြေမရှိနွားမရှိဖြစ်ပြီ။ အခုဆိုသူခိုးသူဝှက်တောင် ရှိလာပြီ” လို့ ပြောပါတယ်။

ညောင်ကန်ရဲစခန်းနဲ့ မကွေးစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို လိုင်းကြေးပေးကာ အပတ်စဥ်မနက် ၉ နာရီလောက်ကနေ ညနေအထိ ကြက်ဝိုင်း၊ ခြောက်ကောင်ခုံအပါအဝင် လောင်းကစားမျိုးစုံကို ပြုလုပ်နေတာဖြစ်ပြီး၊ ငွေပမာဏ ဘယ်လောက်ပေးရလဲဆိုတာကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီလောင်းကစားဝိုင်းကို အနီးဝန်ကျင်ကျေးရွာပေါင်း ၃၀ ကျော်က လူဦးရေ ၁၅၀ လောက် လာရောက်ကစားနေကြပြီး၊ အဲ့ဒီနေရာမှာ အအေးဆိုင်၊ ထမင်းဆိုင်နဲ့ ဘီယာရောင်းချသူတွေပါ ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝှမ်း လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက လိုင်းကြေးယူကာ ပိုမိုပြုလုပ်ခွင့်ပေးထားပြီး စစ်တပ်သတင်းပေးတွေကို မွေးမြူထားတာလို့လည်း ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအတွင်းက မြို့နယ်အချို့မှာလည်း အလားတူ လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်လျှက်ရှိရာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကတော့ မိုးညိုမြို့နယ်၊ ရေကင်းနယ်မြေရဲစခန်း အနောက်ဘက် ၄ ဖာလုံအကွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို မိုးညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်သတိပေးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။