လက်ပံတောင်းတောင်တရုတ်ကြေးနီစီမံကိန်း ဝန်ထမ်းအားလုံး ကြိုတင်မဲပေးရမယ်

0 74
0 74

ဆားလင်းကြီး၊ ဩဂုတ် ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီက ဝန်ထမ်းအလုပ်သမားတွေအားလုံး ကြိုတင်မဲပေးဖို့ စစ်ကော်မရှင်အုပ်စုခေါင်းဆောင်တွေက လာရောက်ပြောဆိုသွားတယ်လို့ ကုမ္ပဏီတွေနဲ့နီးစပ်သူသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ် ၂၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ မုံရွာမြို့တော်ခန်းမကနေ ဂျမ်မာကားအပါ ကား ၁၅ စီးပါယာဥ်တန်းနဲ့ စစ်ကိုင်းတိုင်းစစ်ကော်မရှင်အုပ်စုခေါင်းဆောင်တွေက လက်ပံတောင်းတောင်စီမံကိန်းကို လာရောက်ပြီး ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေကိုတွေ့ဆုံကာ ဝန်ထမ်းတွေကြိုတင်မဲပေးရမယ့်ကိစ္စတွေ ပြောဆိုသွားတာလို့ ဆိုပါတယ်။

“ ဝမ်ပေါင်ထဲဝင်တော့ လူကြီးပိုင်း စည်းဝေးပွဲလုပ်တယ်။ ဝမ်ပေါင်ထဲကအကြီးအကဲတွေကိုပြောတာက ဝမ်ပေါင်ထဲကဝန်ထမ်းတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရမှာလို့ ပြောသွားကြောင်း သိရတယ်” လို့ ဝမ်ပေါင်ကုမ္ပဏီနဲ့နီးစပ်သူဆားလင်းကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တရုတ်စီမံကိန်းအတွက် ကြိုတင်မဲတွေကို စစ်ကြောင်းလုံခြုံရေးနဲ့ လာရောက်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ပြောဆိုသွားပြီး ပို့ဆောင်မယ့်အချိန်ကာလ အတိအကျကိုတော့ပြောဆိုသွားတာမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင်လက်ရှိ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက ဝန်ထမ်းတွေသာမက ၎င်းတို့ရဲ့မိသားစုဝင်တွေပါ ကြိုတင်မဲပေးရမှာဖြစ်ကြောင်း လက်ပံတောင်းတောင်တရုတ်စီမံကိန်းအခြေအနေတွေကိုသိရှိထားတဲ့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ကမ်းလှမ်းခံထားရသူ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းဟောင်းတဦးက ပြောပါတယ်။

“ အကိုတို့ စုံစမ်းထားရသလောက်ကတော့ မဲကတော့ မပေးလို့မရဘူး။ ကြိုတင်မဲပေးရမယ်၊ ပေးရမယ့် မဲကလည်း (အလုပ်) ဝင်ပြီးလုပ်တဲ့ မိသားစုတစုလုံးဖြစ်တယ်။ ဝင်ပြီးလုပ်တဲ့ ဝန်ထမ်းတယောက်တောင်မဟုတ်ဘူး၊ သူ့မိသားစု အသက်ပြည့်ခြင်း၊ မပြည့်ခြင်း မပါဘူး။ သူ့မိသားစုရဲ့ ဦးရေအလိုက် ကြံ့ခိုင်ရေးပါတီကို မဲပေးရမယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ရက်တွေမှာသာ လက်ပံတောင်းတောင်နဲ့ ကြေးစင်တောင်အကြားရှိ မိုင်းမြို့မဲရုံတွေဆီ ကိုယ်တိုင်သွားရောက်မဲပေးခဲ့ရတာပါ။

“ဒါ မူမှန်တဲ့အနေအထားမျိုး မဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ပေးရမယ့် မဲကလည်း (ပယ်မဲဖြစ်သွားရင်တောင်) လုံးဝပယ်မဲဖြစ်သွားနိုင်မယ့် အနေအထားမျိုး မရှိဘူး။ သူတို့သည် ဟိုမှာ မပေးမနေရ ကြံ့ခိုင်ရေးကို ပေးရမှာ” လို့ ဝန်ထမ်းဟောင်းအမျိုးသားက ဆက်ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တရုတ်စီမံကိန်း ဝမ်ပေါင် – ယန်စီကုမ္ပဏီတွေကဝန်ထမ်း ၃ ပုံ ၂ ပုံခန့်ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး – CDM လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ၃ နှစ်ခန့် ရပ်နားခဲ့တာပါ။

အဲ့ဒီနောက်၂၀၂၄ ဇွန် ၁ ရက်မှာ ဝန်ထမ်းအင်အားအနည်းငယ်နဲ့ နေ့စားဝန်ထမ်းတွေခန့်အပ်ကာ ကြေးနီစီမံကိန်းလုပ်ငန်းတွေ ပြန်လည်ပတ်ခဲ့ပါတယ်။ ယခုနှစ်ဆန်းပိုင်းကစတင်ကာ CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်း ၅,၀၀၀ ကျော်လုပ်ငန်းခွင်တွေကို အသီးသီးပြန်လည်ဝင်ရောက်ခဲ့တာကြတာကြောင့် ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ဝန်ထမ်းအင်အား ၆,၀၀၀ ခန့် နဲ့ မူလအတိုင်း ၈ နာရီ ၃ ဆိုင်းခွဲ ပြန်လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ကျင်းပမယ်လို့ စစ်ကော်မရှင်က အခုလထဲမှာပဲ ထုတ်ပြန်ကြေညာထားပြီး အပိုင်း ၁ အနေနဲ့ မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ ဆိုထားကာ အပိုင်း ၁ မှာ ထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်း ၁၂ မြို့နယ်အနက် ဆားလင်းကြီးမြို့နယ်ပါဝင်တာမရှိသေးဘဲ ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့်ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်၊ တရုတ်ကြေးနီစီမံကိန်းက ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကို ကြိုတင်မဲပေးဖို့ စစ်ကော်မရှင်အုပ်စုတွေက ပြောဆိုသွားတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းကြံ့ခိုင်ရေးပါတီကို မြေလတ်အသံက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။