myaelatt athan

Sharing Information to the Local

ဝေါပကဖအဖွဲ့ဝင် ၁ ဦး တပ်ဖွဲ့ပိုင် ငွေကျပ် ၁၀ သိန်း ယူဆောင်ထွက်ပြေး

0 18
0 18

ဝေါ၊ ဩဂုတ် ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ရန်နိုင်စိုး(ခ)နှစ်ဆယ် ဟာ တပ်ဖွဲ့ပိုင်ငွေကျပ် ၁၀ သိန်းကိုယူဆောင်ပြီး ထွက်ပြေးသွားတယ်လို့ ပကဖတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ် ၁၈ ရက်မှာ ရှေ့တန်းတနေရာကနေ ဘဏ္ဍာရေးအဖွဲ့ရှိတဲ့ နောက်တန်းတနေရာကို ပြန်ပို့ခိုင်းလိုက်တဲ့ ပြည်သူလှူဒါန်းငွေကျပ် ၁၀ သိန်းကိုယူဆောင်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“သူမိသားစုအရေး အဆင်မပြေတာတွေပါတယ်။ နောက်ပိုင်း သူ့မိဘတွေက ကျန်းမာရေးမကောင်း အဆင်မပြေတော့ စိတ်ဓာတ်တွေကျလာတာလည်းပါတယ်။ သူ့မှာ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေပါလာတယ်။ သူ့အမေလည်းကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရတယ်။ အဲ့လိုတွေကြောင့် လုပ်သွားတယ်လို့ မြင်တယ်”လို့ ဝေါပကဖ တာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲလည်းရှိလာကြချိန် စိတ်ဓာတ်ကျလာသူတွေရှိသလို စိတ်ဓာတ်မကျဘဲ ဆက်လက်တိုက်ပွဲဝင်သူတွေလည်း ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

ရန်နိုင်စိုး (ခ) နှစ်ဆယ်ရဲ့မိခင်ဟာ ဆေးရုံတက်နေရတာကို တပ်ဖွဲ့ကိုတင်ပြလာတာကြောင့် မိခင် ဆေးကုသဖို့ တပ်ဖွဲ့အနေနဲ့ ငွေကျပ် ၁ သိန်း ကူညီထောက်ပံပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ရန်နိုင်စိုး (ခ) နှစ်ဆယ်ဟာ လက်ရှိမှာတခြားနေရာတခုကိုထွက်ပြေးပြီး အလုပ်လုပ်မယ်လို့သိထားရကာ စစ်ကောင်စီဘက်ကို ကူးပြောင်းသွားတာမျိုးတော့မဟုတ်ဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ရန်နိုင်စိုး (ခ) နှစ်ဆယ်ဟာ စစ်ကော်မရှင်တပ်မှာစစ်မှုထမ်းရမှာကြောက်ပြီး ၂၀၂၃ မှာ ဝေါမြို့နယ်ပကဖ ဆီဝင်ရောက်လာသူဖြစ်ကာ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန် အမိန့်နာခံပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်သူ တဦးဖြစ်တယ်လို့ သိရပါတယ်။

ယခုလို တပ်ဖွဲ့ပိုင်ငွေတွေကို ယူဆောင်ပြီးထွက်ပြေးသွားမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူနဲ့အတူ တပ်ဖွဲ့ပိုင်လက်နက်တွေပါသွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဝေါမြို့နယ်ပကဖ အဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ကစတင်ကာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။