myaelatt athan

Sharing Information to the Local

မုံရွာ – ချောင်းဦးလမ်းပိုင်းမှာ ခရီးသည်တင်ကားတွေ မိုင်းထိလို့ ယာဥ်မောင်း ၁ ဦးသေဆုံး

0 196
0 196

ချောင်းဦး၊ သြဂုတ် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ခရီးသည်တင်ကားတွေ မိုင်းထိလို့ ယာဥ်မောင်း ၁ ဦးသေဆုံးကာ ယာဥ်နောက်လိုက် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူခရီးသည်တွေဆီက သိရပါတယ်။

သြဂုတ် ၂၂ ရက်ဒီကနေ့ မနက် ၉ နာရီလောက်မှာ ချောင်းဦးမြို့နယ်၊ ရေပိုးစားကန်ရွာအနီး မုံရွာ-ချောင်းဦးလမ်းမှာ မုံရွာမြို့ကနေ မန္တလေးကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကား ၃ စီးမှာ မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာကနေ မန္တလေးဘက်သွားတဲ့ကားတွေ မိုင်းဆွဲခံရတာပါ။ Honda Fit ကားသေးနဲ့ ရွှေမြန်မာကားကတော့ တော်တော် ထိသွားတယ်။ ရှေ့မှန်တွေလည်း အက်ကွဲပြီး ကားဘော်ဒီ တခုလုံးလည်း ရစရာမရှိဘူး။ စစ်သားတွေ ရောက်လာပြီး ရှင်းလင်းရေးတွေတော့ လုပ်နေကြတာ တွေ့ခဲ့တယ်”လို့ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူ ခရီးသည်တဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိတာကြောင့် ခရီးသည်တင်ယာဥ် Express ၁ စီး၊ Honda Fit ကားသေး(ခရီးသည်တင်) ၁ စီးနဲ့ အံစားတုံးခရီးသည်တင်ယာဥ် ၁ စီးတို့ မိုင်းစထိမှန်ခဲ့ကာ အံစာတုံးကားက ယာဥ်မောင်းအမျိုးသား နေရာမှာသေဆုံးခဲ့ပြီး ယာဥ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာ(ပြင်းထန်) ရရှိခဲ့တာကြောင့် မြင်းမူဆေးရုံမှာ အရေးပေါ် ဆေးကုသနေရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းပေါက်ကွဲမှုကြောင့် Honda Fit ကားမှာ မောင်းနှင်မရတော့တဲ့အထိ အပျက်အစီးများခဲ့လို့ ကရိန်းကားနဲ့ မုံရွာဘက်ကို သယ်ဆောင်သွားကာ ယာဥ်မောင်းနဲ့ ခရီးသည်တွေ အထိခိုက်မရှိ​ခဲ့ဘူးလို့ ဆိုပါတယ်။

” အဲ့ကားသေးလေးပေါ်က ခရီးသည်တွေကိုတော့ သူတို့ကားသေးလိုင်းက ကားတွေကပဲ ကူညီပြီး မုံရွာဘက်ကို ပြန်ခေါ်သွားကြတယ်။ ခရီးသည်တွေအကုန် သူတို့နေအိမ်တွေ ပြန်ရောက်သွားကြပါပြီ။ မဟာနွယ်(Express) ကားကတော့ အထိခိုက်နည်းလို့ မန္တလေးဘက်ကို ဆက်မောင်းသွားတယ်”လို့ ခရီးသည်တင်ယာဥ်မောင်းတဦးက ပြောပါတယ်။

ခရီးသည်ယာဥ်တွေ မိုင်းထိတာကြောင့် အခင်းဖြစ်နေရာအနီး မုံရွာ – မန္တလေးလမ်းပိုင်းမှာ ကားအစီးရေ ၇၀ နီးပါးဟာ ၂ နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာတော့ ပုံမှန်အတိုင်းဆက်လက်သွားလာနေကြတယ်လို့ သိရပါတယ်။

ခရီးသည်တင်ကားတွေ မိုင်းထိတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေကလုပ်ဆောင်တယ်ဆိုတာ ကို မြေလတ်အသံအနေနဲ့ အတည်မပြုနိုင်သေးဘဲ မုံရွာ-ချောင်းဦးလမ်းပိုင်းဟာ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတာပါ။

ပြီးခဲ့တဲ့ မတ် ၄ ရက်က မုံရွာ – ချောင်းဦးလမ်းပိုင်း နတ်ရေကန်အနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအကြားမှာ ခရီးသည်တင်ကားပေါ်က ၁ နှစ်ခွဲအရွယ် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။