myaelatt athan

Sharing Information to the Local

တိုက်ခိုက်ခံရလို့သေဆုံးမှုများခဲ့တဲ့ စစ်ကော်မရှင်တပ်ဆီက လက်နက်ခဲယမ်းတွေကို PDF သိမ်းဆည်း

0 51
0 51

မြင်းခြံ၊ ဩဂုတ် ၂၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကနေ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရွာကိုသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ သေဆုံးသူများပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၃ စီးတို့နဲ့လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၂၀ ဝန်းကျင်ကို သြဂုတ် ၂၁ ရက် မနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ အဆိုပါစစ်ကြောင်းသွားရာလမ်းပိုင်းတနေရာမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြောက်ကျားစပြီးတော့ ကျည်စပစ်တဲ့အချိန် ဆိုင်ကယ်နဲ့ ထော်လာဂျီပေါ်ပါ အကုန်လုံးရဲ့ အလောင်းတွေကို လမ်းပေါ်မှာ ကျနော်တို့မျက်မြင်တွေ့ခဲ့တယ်၊ တချို့စစ်ကော်မရှင်ကောင်တွေက ပစ်ခတ်မှု ဖြစ်စဉ်အတွင်းထဲမှာပဲ ပြန်ပြေးတယ်၊ ထွက်ပြေးတဲ့အချိန် ကျနော်တို့နောက်ကနေ လိုက်ရှင်းတဲ့ အချိန်မှာ ကျနော်တို့ကို ပြန်ပြီးတော့ ခုခံပစ်ခတ်တာတွေရှိတယ်၊” လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ထွက်ပြေးသွားကာ G 3 ၃ လက်၊ MA 11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G 3 ကျည် ၁၆ တောင့်တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်နေချိန် မြင်းခြံမြို့နယ်၊ ဆုံရွာနဲ့ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းတို့က စစ်ကူတွေရောက်ရှိလာတာကြောင့် ၁ နာရီဝန်းကျင်တိုက်ခိုက်ပြီးနောက်မှာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

“ပြီးရင် တိုက် ၁ လုံးထဲမှာ သူတို့ ပိတ်မိနေတဲ့အချိန် ကျနော်တို့ဘက်က လက်နက်ချဖို့အတွက် ကမ်းလှမ်းတာတွေ ဖိတ်ခေါ်တာတွေလုပ်ခဲ့တယ်၊ အချိန်မရတာလည်းပါတယ်၊ ပြီးရင်ဆုံရွာဘက်ကို စစ်ကူလာတာလည်းရှိတယ်၊ ငါန်းမြာရဲစခန်းကလည်း စစ်ကူလာတယ်၊ ကျနော်တို့ ထိတွေ့မှုဖြစ်တာက ဆုံရွာနဲ့ ငါန်းမြာရဲစခန်းကြားထဲမှာဆိုတော့ အချိန်မီတော့ခေါ်တယ်၊ ဒါပေမဲ့ စစ်ကူရောက်တဲ့အချိန် ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်ခဲ့တာ” လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း မန္တလေးခရိုင် တပ်ရင်း ၅ ၊ ကျားမင်း LPDF ၊ ငန်းနက် LPDF ၊ မြောက်ပိုင်းသား LPDF ၊ အမရပူရ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာနဲ့ ပြင်စည်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းကတိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပါသေးတယ်။

မြင်းခြံမြို့နယ်အတွင်းမှာ သြဂုတ်ပထမပတ်ထဲက တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး မြင်းခြံမြို့ နယ်ပတ်ချာလည် ၅ မိုင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး သီတာယုမွန်အဖွဲ့တွေပါဝင်တဲ့ အင်အား ၂,၀၀၀ ခန့်ပါ စစ်ကြောင်းက ဖြန့်ကျက်စစ်ကြောင်းထိုးမှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးနေတာနဲ့တိုက်ပွဲတွေကြောင့် ကံဆင့်မြောက်၊ ကံဆင့်တောင်၊ ပျော်ဘွယ်၊ ဖောင်းကား၊ လက်ဝဲမြင်းနီ၊ ရွာကြီး၊ ညောင်ပင်သာ၊ နတ်ထား၊ တမုန်းကိုင်း၊ စံပြကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။