myaelatt athan

Sharing Information to the Local

NUG အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လက်နက်၊ ခဲယမ်းထောက်ပံ့ဖို့ ပုံတောင် PDF တောင်းဆို

မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၃။

အမျိူးသားညီညွတ်ရေးအစိုးရ – NUGအနေနဲ့ မြေပြင်အထိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အနှေးနဲ့အမြန် ထောက်ပံ့ပေးစေလိုတယ်လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၇ တပ်ရင်း၊ ပုလဲတပ်ရင်း ၁၊ ပုံတောင် တပ်ခွဲ ၂၊ ပုံတောင် TIGER PDF ခေါင်းဆောင် ဗိုလ်စစ်မုန်းက တောင်းဆိုလိုက်ပါတယ်။

ဗိုလ်စစ်မုန်းဦးဆောင်တဲ့ ပုံတောင် Tiger PDF အနေနဲ့ အမှန်တကယ် တိုက်ပွဲဝင်နေတာဖြစ်ပြီး တပ်ဖွဲ့မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ကျင့်ဝတ်၊ စည်းကမ်းနဲ့ တိုက်ခိုက်ရေးပိုင်းတွေကို လာရောက်စစ်ဆေးနိုင်ကာ တပ်ဖွဲ့ ဝင်များ အရည်အချင်းမပြည်စုံတာ၊ စည်းကမ်းလိုက်နာမှု မရှိတာတွေ ရှိခဲ့ရင် NUG အစိုးရအနေနဲ့ အရေးယူဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။

“စားဖို့ကဖြစ်သလို စားလို့ရတယ်။ စစ်ကောင်စီနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ လက်နက်၊ခဲယမ်း မပြည့်စုံတော့ စိတ်တိုင်းမကျခဲ့ဘူး။ ပုလဲဒေသအပြင် တခြားနယ်ဘက်တွေသွားပြီးတော့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ပါတယ်။ လက်နက်ထုတ်လုပ်ရေးအပိုင်းမှာလည်း ကုန်ကျစားရိတ်များတော့ အပိုငွေမကုန်အောင် ပြည်သူတွေရဲ့ငွေကို ချွေတာသုံးစွဲနေပါတယ်” လို့ မြေလတ်အသံကို ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေဟာလည်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု PDF တပ်ဖွဲ့ဝင်အဖြစ် ကိုယ်ပိုင်နံပါတ်တွေ ရရှိထားပြီးသူတွေဖြစ်လို့ NUG အစိုးရတာဝန်ရှိသူတွေကို အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး စေလိုတာပါလို့ သူကပြောပါတယ်။

လက်ရှိမှာ ပုံတောင် Tiger PDF တပ်ဖွဲ့အနေနဲ့ စားနပ်ရိက္ခာအတွက် တပ်ဖွဲ့ဝင်များကိုယ်တိုင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ပြည်သူတွေရဲ့ကူညီလှူဒါန်းငွေတွေနဲ့ ရပ်တည်နေရကာ ဒေသတွင်း စစ်ဘေးရှောင်ဒေသခံတွေကိုလည်း စားနပ်ရိက္ခာထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

ပုံတောင် Tiger PDF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအထိ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရှိခဲ့ပြီးဖြစ်ကာ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကိုယ်တိုင်လက်လုပ်မိုင်း၊ လက်နက်ကြီးတွေ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။