myaelatt athan

Sharing Information to the Local

ပေါင်းတည်သမဦးစီးက စစ်တပ်ခေါ်ခြိမ်းခြောက်ပြီး ချေးငွေပြန်တောင်းနေ

ပေါင်းတည်၊ မတ် ၂၀၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သမဝါယမဦးစီးဌာနက ဒေသခံတွေကို ထုတ်ချေထားတဲ့ သမချေးငွေကို စစ်တပ်ခေါ်ပြီး ခြိမ်းခြောက်တောင်းခံနေတယ်လို့ သိရပါတယ်။

မတ်လ ၁၇ ရက်ကစတင်လို့ စစ်ကောင်စီလက်အောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးခိုင် ဦးဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ကျေးရွာတွေအထိ ချေးငွေပေးဆပ်ဖို့ တအိမ်တက်ဆင်း လိုက်လံတောင်းခံနေတာဖြစ်ပြီး မပေးရင် ဖမ်းဆီးအရေးယူမယ်ဆိုကာ ခြိမ်းခြောက်တောင်းခံနေတာလို့ သိရပါတယ်။

“ကျနော်တို့ဆီကိုလာပြီး သမက ကြွေးဆပ်ဖို့ လာပြောတယ်။ မဆပ်နိုင်ရင် ဖမ်းချုပ်မယ်။ ငွေကြေမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်သွားတာ။ တချို့လည်း ကြောက်လန့်ပြီး ရှာကြံပေးလိုက်တာမျိုးတော့ ရှိတယ်။ ခုအချိန်က အလုပ်အကိုင်ကအစ မကောင်းတော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ” လို့ သမအသင်းသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သမချေးငွေတွေ လိုက်လံတောင်းခံရာမှာ စစ်ကောင်စီသမဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက ရက်ချိန်းကြိုတင်ပြောဆိုတာမျိုးမရှိဘဲ နာရီပိုင်းသာကြိုပြီး အသိပေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သမကလူတွေက သူတို့လာတဲ့လမ်းမှာ ချောင်းပြီးအလုပ်ခံရမှာစိုးလို့ ထင်တယ်။ စစ်တပ်ပါတာတောင် ကြွေးတောင်းလာမယ့်နေ့နဲ့ အချိန်ကိုလည်း ကြိုမပြောဘူး။ နာရီပိုင်းအလိုကျမှ ရွာသားက သိရတာ။ ကြိုမပြောတော့ ရှာရဖွေရ ပိုခက်ခဲတယ်” လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ် သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးခိုင်ဟာ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံခဲ့သူဖြစ်ပြီး သူ့ရဲ့အမျိုးသားဖြစ်သူဟာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုနေသူဖြစ်ကာ လက်ရှိမှာ စစ်ကောင်စီလက်အောက် ပေါင်းတည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းက သမချေးငွေပေးဆပ်ရန် ကျန်ဒေသခံ အသင်းဝင်တွေဟာ ယခင်အရပ်သားအစိုးရလက်ထက်က သမချေးငွေတွေ ရယူထားတာဖြစ်ပြီး အများစုဟာပေးဆပ်ရန် ကျန်ချေးငွေ အနည်းဆုံး ၅ သောင်းကနေ အများဆုံး ၂ သိန်းကျပ်အထိ ရှိကြတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။