ပေါက်ခေါင်း၊ ဩဂုတ် ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာနဲ့ ဖလန်ပင်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားအဖ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီကျော်မှာ သဲကုန်းဘက်ကတက်လာတဲ့ စက်တပ်လေထီး ၄ စီးဟာ ကျေးရွာ ၂ ရွာထဲကို ဗုံး ၁၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ပထမ ၂ စီးလာတယ်။ ကြဲသွားတယ်။ ဒုတိယ ၂ စီးလာတယ်။ ထပ်ကြဲတယ်။ ဖလန်ပင်က အိမ်ထိပေမယ့် လူမထိဘူး။ ကျောက်ပြင်သာ ပြည်သူ ၂ ဦးသေတယ်။ သားအဖ ၂ ယောက်ပေါ့။ ပြည်သူ ၄ ဦးထိတာမှာ စိုးရိမ်ရတဲ့ ၁ ယောက်က သေဆုံးသူကောင်လေးရဲ့အမေပါ”လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗုံးကြဲခံရလို့ ကျောက်ပြင်သာကျေးရွာက အသက် ၁၀ နှစ်အရွယ် မောင်သက်ပိုင်ဇော်နဲ့ ဖခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်တို့သေဆုံးပြီး နာရေးကိုတော့ အဲ့ဒီနေ့ညနေပိုင်းမှာပဲ ကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ကျောက်ပြင်သာရွာက နေအိမ် ၂ လုံးလည်းပျက်စီးပြီး ဦးသိန်းဇော်ရဲ့ မိန်းမဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ဖြစ်သူနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၃ ဦးဒဏ်ရာရကာ ဆေးဝါးကုသဖို့ အခက်အခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ဖလန်ပင်ကျေးရွာမှာလည်း နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း ကြိမ်ချောင်းကျေးရွာကို ပါရာမိုတာနဲ့ဗုံး ၄ လုံးကြဲချခဲ့ရာ အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း