myaelatt athan

Sharing Information to the Local

အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို ထောင်တသက်နဲ့ ထပ်တိုးနှစ်တွေပါတပေါင်းတည်း အမိန့်ချ

0 2
0 2

ပြည်၊ မတ် ၁၈၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲထားသူ ၆ ဦးကို ထောင်တသက်နဲ့ ထပ်တိုးနှစ်တွေအပါ တပေါင်းတည်းကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူများထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က အမိန့်ချမှတ်လိုက်တာဖြစ်ပြီး ကိုဇင်မျိုးဟိန်း(ခ)ဇေကြီး နဲ့ ကိုအောင်သက်ပိုင် တို့နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ဈ)၊ ၅၂(က) တို့ဖြင့် ထောင်တသက်နှင့်အပို ၇ နှစ်၊ ကိုတရုတ်ကြီး(ခ) သီရိဇော် နဲ့ ကိုရန်နောင်စိုး၊ ကိုကျော်ကိုကို တို့ကို ပုဒ်မ ၅၀(ဈ) နဲ့ ထောင်တသက်၊ ကိုထွန်းထွန်းလွင်ကို ပုဒ်မ ၅၂(က)နဲ့ ထောင် ၇ နှစ် အသီးသီး အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

“သူတို့က ပေါက်ခေါင်းမြို့မှာ ဖမ်းဆီးခံရတာ။ ဖေါက်ခွဲမှုတခုမှာ လုပ်တဲ့သူကို မမိလို့ သူတို့ကို ဖမ်းတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ဖမ်းဆီးခံရတာပါ။ ကျောင်းဆရာတယောက် ပါတယ်လို့ ပြောတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ) မှာ အများပြည်သူပိုင် အဆောက်အဦးကို ဗုံးခွဲတိုက်ခိုက်တာ၊ အားပေးကူညီတာ၊ ကြံရာပါအဖြစ် ဆောင်ရွက်တာတွေကို စွဲဆိုတဲ့ပုဒ်မ ဖြစ်ပြီး အနည်ဆုံးထောင်ဒဏ် (၁၀) နှစ်မှ ထောင်တသက်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

အလားတူ ပုဒ်မ ၅၂(က) မှာ အကြမ်းဖက်မှုအုပ်စုဖွဲ့စည်းရန် အကြမ်းဖက်အဖွဲ့အစည်းတခုခုသိလျှက်နဲ့ တာဝန်ပေး၍ လှုပ်ရှားစေရန် ဆောင်ရွက်မှုတွေ၊ အကြမ်းဖက်သူတွေလွတ်မြောက်ရန် သတင်းထိန်ချန်တာ၊ ဖွက်ထားတာ၊ အဆောက်အအုံသုံးပြုခွင့်ပေးတာ၊ ထောက်ပံ့ပြုလုပ်တာတွေကို စွဲဆိုတာဖြစ်ပြီး ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ ၇ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

“သူတို့က အခုပုဒ်မ နှစ်ခုလုံး အမိန့်ချတာကိုကြည့်ရင် အမြင့်ဆုံးပြစ်ဒဏ်တွေကို အမိန့်ချတာပါ။ အခုကလည်း ပြဌာန်းချက်မှာပါတာကို ပြောတာပဲဖြစ်တယ်။ သူတို့က ဥပဒေကို တလွဲသုံးတာပေါ့။ ဖမ်းဆီးအမိန့်ချခံရသူတွေကို အကြမ်းဖက်သမားလို့ ပြောချင်တာမဟုတ်ပါဘူး” လို့ ရှေ့နေတဦးက ပြောပါတယ်။

အထူးတရားရုံးတွေအနေနဲ့ နောက်ပိုင်းကာလတွေမှာ မည်သည့် ပုဒ်မတွေကိုမဆို အမြင့်ဆုံးပြစ်ဒဏ်တွေကိုသာ ချမှတ်လေ့ရှိပြီး တရားစီရင်ရေးစနစ်ကို ကြိုးကိုင်ကာ ပြည်သူလူထုကို အကြောက်တရား ထည့်ပေးနေသည့်သဘောမျိုးဖြစ်သလို သက်ညှာပေးမှာမဟုတ်ဘူး ဆိုတဲ့ စစ်ကောင်စီရဲ့ သဘောထားကိုလည်း ထုတ်ပြရာရောက်နေတယ်လို့ သူကဆက်လက်ပြောပါတယ်။

လက်ရှိမှာလည်း အကျဉ်းထောင်တွေထဲက တချို့အကျဉ်းသားတွေဟာ ထောင်ဝင်စာတွေ့ခွင့်မရတာမျိုး ရှိနေပြီး အဆက်သွယ်မရသူတွေလည်းရှိနေလို့ ထောင်တွင်းခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။