ဝက်လက်၊ ဩဂုတ် ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံပျက်စီးပြီး ထိခိုက်ဒဏ်ရာရာသူတွေ ရှိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ Bo Tiger ဆီက သိရပါတယ်။
ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချတာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံပျက်စီးခဲ့ပြီး သက်တော် ၇၀ အရွယ်သံဃာ ၁ ပါး နဲ့ အမျိုးသား ၁ ဦး၊ ၁၀ နှစ်အရွယ် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။



“နဘဲပင်လှရွာ ဘုန်းကြီးကျောင်းထဲကို တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်ထင်ပြီး ကြဲချသွားတာ၊ အရင်တုန်းက တပ်ရင်းတပ်ဖွဲ့တွေနေဖူးထိုင်ဖူးတဲ့ နေရာတွေဆိုတော့ သတင်းပေးတဲ့လူက အတိအကျ ပေးသွားတာ၊ တပ်ရင်းတပ်ဖွဲ့တွေက မရှိတာကကြာပါပြီ၊ ၂ ကြိမ်ကြဲသွားတာ၊ ပြီးတော့ စက်လက်တွေ နဲ့လည်း ကုတ်(ပစ်)သွားတယ်၊” လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်ကြီးထဲက အခန်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေပျက်စီးခဲ့ပြီး အခု ၁ ကြိမ်နဲ့ဆိုရင် ဝက်လက်မြို့နယ်ထဲကို ဗုံးကြဲတာဟာ သြဂုတ်လအတွင်း ၆ ကြိမ်လောက်ရှိတာကြောင့် ဒေသခံတွေတမ်းရှောင်နေရတာတော့ရှိတယ်လို့ သူကဆက်ပြောပါတယ်။


နဘဲပင်လှရွာဟာ အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး ခုလိုလေကြောင်းကနေတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရွှေကျင်ကျေးရွာအရှေ့ဘက်ရှိ ရွှေညောင်တော်ကုန်းပေါ်က ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


စာတည်း – လင်း