ရွှေဘိုမှာ ပျူစောထီးကား မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

ရွှေဘို၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်းကိုင်းကျေးရွာက ထွက်လာတဲ့ ပျူစောထီးကားကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီး ၄ ဦး လိုက်ပါလာတဲ့ကားကို မတ်လ ၁၄ ရက်မနက် ၁၀ နာရီလောက်မှာ ဂျူးမြေဇင်း၊ ထန်းနှောင်းကိုင်းနဲ့ မြို့လှရွာ လမ်းဆုံမှာ တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့ဆီက သိရပါတယ်။

“၂ ကောင်သေတာ။ ဒီပတ်ချာလည်ရွာတွေမှာ ပြည်သူပိုင်နေအိမ်တွေဆိုလည်း ခိုးဆိုးလုနှိုက်နေတာ၊ ဒီနားနယ်တဝိုက်ကတော့ သူတို့အဆိုးဆုံးပဲ။ စစ်ကြောင်းတွေဆိုလည်း သူတို့လှမ်းလှမ်းခေါ်တာပဲ။ မိုင်းက ပဒေသာ ၃ လုံးကွဲတာ” လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် သေဆုံးပျူစောထီး ၂ ဦးရဲ့အလောင်းကို မိုင်းဆွဲတဲ့နေရာအနီးက ကြက်ခြံထဲမှာ မီးရှို့ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)၊ မတစ်ထောင်-တစ်ကောင်ဘွား (ဒီပဲယင်း)၊ ဗိုလ်ဂျပန်ကြီး (T.T.T) – SHWEBO (LPDF) အဖွဲ့၊ တောင်သူကြီးများအဖွဲ့ -LDF နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ညောင်ကိုင်းရွာက ပြန်လာတဲ့ ပျူနဲ့စစ်သားတွေကို ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့က ဂျိုးမြေဇင်းနဲ့ မြို့လှရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်တဦး ခြေ‌ထောက်ပြတ်ပြီး ပျူစောထီးတဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။