myaelatt athan

Sharing Information to the Local

ထမင်းစားဖို့မရှိလို့ ဝါးခုတ်သွားတဲ့ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး ခြေတဖက်ပြတ်

သရက်၊ မတ် ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ သရက်မြို့နယ်၊ သမန်းပြင်ကျေးရွာမှ အမျိုးသား ၂ ဦးမှာ မိသားစုစားဝတ်နေရေးအတွက် ယနေ့ မတ်လ ၁၆ ရက် မနက် ၆ နာရီကျော်မှာ တောင်ပေါ်ကို ဝါးခုတ်ဖို့သွားချိန် မိုင်းနင်းမိခဲ့တာကြောင့် ၁ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သလို ၁ ဦးမှာ ခြေထောက်တဖက် ပြတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ၂ ဦးမှာ ဦးမောင်ကြီး ၄၀ နှစ် (ဒဏ်ရာအနည်းငယ်ရ)၊ ဦးသိန်းစိုး ၃၅ နှစ် (ဘယ်ဖက်​ခြေထောက်ပြတ်) တို့ဖြစ်ပြီး၊ သူတို့ ၂ ဦးမှာ နောက်ထပ်အမျိုးသား ၈ ဦးနဲ့အတူ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ တွင်းလယ်ကျေးရွာအနီးက တောင်ပေါ်ကိုသွားချိန် မိုင်း နင်းမိခဲ့တာဖြစ်တယ်လို့ ရွာခံအမျိုးသားတဦးက ပြောပါတယ်။

“သူတို့ နှစ်ယောက်မှာ သိန်းစိုးက မိုင်းကိုနင်းမိတာ။ အဲ့ဒါကြောင့် မောင်ကြီးမှာ အစတွေပဲ မှန်သွားတာ။ အခုတော့ သူတို့ကို မကွေးဆေးရုံကို ကားနဲ့ယူသွားကြတယ်။ သိန်းစိုးခြေထောက်ကတော့ ဖြတ်ရမယ့်အခြေအနေ ရှိပါတယ်။ ဘယ်ခြေထောက်ရဲ့ ခြေကျင်းဝတ်အောက်ကနေ အသားတွေက ပွန်းထွက်သွားတာ” လို့ ဆိုပါတယ်။

အဆိုပါဒေသခံတွေ တက်နင်းမိတဲ့ မြေမြုပ်မိုင်းဟာ သမန်းပြင်ရွာနဲ့ ရွာချင်းစပ်လျှက်ရှိတဲ့ တွင်းလယ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့မိုင်း ဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

“သမန်းပြင်နဲ့တွင်းလယ်ရွာက ရွာချင်းစပ်တွေဗျ။ စကစတွေက PDF တွေ လာတိုက်ခိုက်မှာကို ကြောက်လို့ ရွာပတ်ပတ်လည် မိုင်းတွေထောင်ထားတာ။ အဲဒီနေရာတွေကို မသွားဖို့ကိုလည်း စကစ တွေဘက်က ရွာသားတွေကို ပြောထားတယ်။ ဒါပေမယ့် တရက်လုပ်မှ တရက်စားရတဲ့သူတွေက ခိုးထွက်ပြီးတော့ ဝါးတွေခုတ်ကြရတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၅၀ ကျော်ဟာ တွင်းလယ်ကျေးရွာမှာ လာရောက်တပ်စွဲနေတာ ၁ နှစ်နီးပါး ကြာမြင့်နေပြီး၊ သူတို့လုံခြုံရေးအတွက်ဟုဆိုကာ ကျေးရွာပတ်ပတ်လည်ကို မြေမြုပ်မိုင်းတွေ ထောင်ထားလို့ တောတောင်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ လက်လုပ်လက်စား ဒေသခံတွေဟာ အခက်အခဲတွေ ဖြစ်ပေါ်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။