myaelatt athan

Sharing Information to the Local

ကနီတမြို့နယ်လုံးမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၄၀ သာရှိ

0 2
0 2

ကနီ၊ မတ် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားဦးရေ ၄၀ သာရှိတယ်လို့ သိရပါတယ်။

ကနီမြို့ပေါ်က ကျောင်းသား၊ ကျောင်းသူတချို့နဲ့ ရေလည်ကျွန်း ပျူစောထီးစခန်းက ကျောင်းသားတွေ စုစုပေါင်း ၆၀ ဦး ဖြေမယ်လို့ စာရင်းတင်ထားပေမယ့် ၄၀ ဦးသာ လာရောက်ဖြေဆိုခဲ့ကြတာလို့ ကနီဒေသခံတဦးက ပြောပါတယ်။

“ကနီ အ.ထ.က ကျောင်းမှာ ဖြေနေတယ်။ စစ်အုပ်စုကို ထောက်ခံတဲ့သူနဲ့ ပျူစခန်းက လူတွေပဲ လာဖြေတာ၊ တခြား ဘယ်သူမှမဖြေဘူး။ ခုဖြေတဲ့ပမာဏနဲ့ ကျောင်းသားအရေအတွက် နှိုင်းဆကြည့် ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး။ အရင်ကဖြေရင် ထောင်ချီဖြေတာ။ ကနီနယ်တနယ်လုံး အတိုင်းတာနဲ့ဆို ကျောင်းသားတွေရဲ့ CDM၊ ဆရာမတွေရဲ့ CDM ကောင်းနေတယ်လို့ ပြောလို့ရတယ်။ လုံးဝကို အောင်မြင်နေတာ” လို့ ပြောပါတယ်။

ကနီမှာ အာဏာမသိမ်းခင်ကာလ ဆယ်တန်းစာမေးပွဲဖြေဆိုရင် မြို့ပေါ် အ.ထ.ကကျောင်းအပြင်၊ ကျေးရွာဘက်တွေမှာလည်း Center တွေ ဖွင့်လှစ်ကာ ဖြေဆိုကြပြီး၊ အခုကတော့ ဖြေဆိုသူ နည်းပါးတဲ့အတွက် မြို့ပေါ်က အ.ထ.က ကျောင်းတခုထဲမှာပဲ ဖြေဆိုနေကြကာ စစ်ကောင်စီတပ်တွေကလည်း လုံခြုံရေးအပြည့် ယူပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်နှစ်တွေကတော့ ကနီမြို့နယ်မှာ စာမေးပွဲဖြေဆိုသူ ကျောင်းသားဦးရေ ၂၅၀၀ ကျော်ရှိပြီး၊ အခုနောက်ပိုင်းမှာတော့ ရာဂဏန်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် မနှစ်က စစ်ကောင်စီကျင်းပတဲ့ ဆယ်တန်းစာမေးပွဲမှာလည်း ဖြေဆိုသူနည်းပါးတဲ့အပြင် ကနီတနယ်လုံးမှာမှ ၁၂ ဦးပဲ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်းအတွင်းက စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားအချို့။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။