myaelatt athan

Sharing Information to the Local

ကျောင်းထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက စိတ်ဝေဒနာသည်တဦးကို ရိုက်နှက်

ပခုက္ကူ၊ မတ် ၁၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာက စိတ်ဝေဒနာသည် အမျိုးသားတဦးကို မတ်လ ၁၀ ရက် နေ့လည်အချိန်မှာ စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်ခဲ့လို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရသူမှာ အသက် ၃၀ အရွယ်ရှိ ဦးအောင်ခိုင်ဖြစ်ပြီး၊ သူ့ကို စစ်ကောင်စီတပ်သား ၁၀ ဦးက သေနတ်ဒင်တွေနဲ့ ရိုက်နှက်ကြသလို ခြေထောက်တွေနဲ့လည်း ကန်ခဲ့ကြတယ်လို့ မျက်မြင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီးတော့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“နေ့လည် တနာရီအချိန်လောက်မှာ သူကကျွန်းချောင်းစျေး အနောက်ဖက်က လမ်းဘေးကဇရပ်ပေါ်မှာ အိပ်နေတာ။ အဲဒီအချိန်မှာ စကစတွေက သူ့ကိုနိုးပြီးတော့ စစ်ဆေးတယ်။ အောင်ခိုင်က စိတ်မနှံ့တော့ ဘာတွေဖြေတယ်တော့ မသိဘူး။ အဲဒါကို စကစတွေက ဝိုင်းရိုက်တော့တာပဲ။ ပါးတွေ၊လက်တွေမှာ တော်တော်စုတ်ပြဲသွားတယ်” လို့ ဆိုပါတယ်။

ဦးအောင်ခိုင် ရိုက်နှက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ထွက်သွားချိန် အနီးဝန်းကျင်မှ ဒေသခံတွေက ဝိုင်းဝန်းသယ်ယူပြီး ဆေးခန်းတခုကို ပို့လိုက်ကြတယ်လို့ သူကဆက်ပြောပါတယ်။

“လက်မှာတော်တော်လည်း စုတ်ပြဲသွားတယ်။ သူ့ကိုကုသပေးတဲ့ ဆေးမှူးပြောတာက လက်နှစ်ဖက်စလုံးကို ခြောက်ချက်လောက် ချုပ်ရမယ်တဲ့။ ဒါပေမဲ့ ဆေးခန်းမှာ ပစ္စည်းတွေ အစုံအလင်မရှိတော့ မချုပ်ဘဲ ကုသနေရတယ်တဲ့။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူးလို့ ပြောတယ်” လို့ ဆိုပါတယ်။

ဦးအောင်ခိုင်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွန်းချောင်းလျှပ် စစ်ဓာတ်အားပေးစက်ရုံအနီးက အထကစာသင်ကျောင်းထဲမှာ တပ်စွဲနေကြတဲ့ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာလည်း ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံဝန်ထမ်း ကိုဟံဇော်လင်း ၂၅ နှစ်မှာ ပခုက္ကူမြို့ပေါ်ကို ဝန်ထမ်းလစာထုတ်ဖို့ သွားချိန် တိရစ္ဆာန်​မွေးမြူရေးနဲ့ လေ့ကျင့်ရေးအမှတ် (၁)တပ် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။