အသားခြောက် ကျပ်ကင်ရာမှ မီးလောင်လို့ နေအိမ် ၉ လုံး ပျက်စီး

မန္တလေး၊ မတ် ၁၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ လမ်း ၉၀ နဲ့ ၉၁ ကြား၊ ၄၁ နဲ့ ၄၂ လမ်းကြားမှာ မတ်လ ၁၀ ရက် ဒီမနက် ၂ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသားခြောက်ကျပ်ကင်လုပ်ငန်း လုပ်ကိုင်သည့်နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အချိန် ၁ နာရီနီးပါး မီးငြိမ်းသတ်ခဲ့ရကာ နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ နေအိမ် ၉ လုံး မီးလောင်ပျက်စီးကာ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ မန္တလေးမီးသတ်ဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ အသုံးပြုသူ အသားခြောက်လုပ်ငန်းပိုင်ရှင်နဲ့ အလုပ်သမားတွေကို အမှတ်(၇)နယ်မြေရဲစခန်းမှာ ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ်ထဲမှာ ခြင်ဆေးခွေထွန်းရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။