မြင်းမူ၊ လက္ကပင်ရွာက အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ၇ ဦးကို လူသားဒိုင်းအဖြစ်ခေါ်သွား

မြင်းမူ၊ မတ် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာက ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီရွာကို စစ်ကောင်စီတပ်က မတ်လ ၅ ရက်နေ့က ဝင်ရောက်စီးနင်းကာ ဒေသခံ ၂၀၀ ဝန်းကျင်လောက်ကို ဖမ်းဆီးထားပြီး ၂ ရက်ကြာ တပ်စွဲခဲ့ပြီးတဲ့နောက် စစ်ကြောင်း ပြန်လည်ထွက်ခွာချိန် မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ တခြားဒေသကနေ စစ်လာရှောင်တဲ့အမျိုးသား ၅ ဦးကို သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

“အသတ်ခံရသူတွေက လက္ကပင်မှာ လာရောက် ခိုလှုံနေကြတဲ့သူတွေပါ။ သူတို့ရဲ့ကိုယ်ရေးအချက်အလက်ကို မသိရသေးဘူး။ သတ်ပြီးတော့ မြစ်ရေထဲ မျောချခဲ့ကြတာကြောင့် မြစ်အနီးအနားမှာရှိတဲ့ ရွာတွေက ဆယ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်။ ဓားစာခံအဖြစ် ခေါ်ခံရတဲ့သူတွေကတော့ ရွာခံသားတွေပါ။ အိမ်တွေကိုတော့ မီးရှို့ခဲ့တာမရှိဘူး။ သူတို့သတင်းရလို့ ဖြိုဖျက်ခဲ့တဲ့ အိမ်တချို့တော့ ရှိခဲ့တယ်” လို့ မြင်းမူအခြေစိုက် Knight Commanders PDF တာဝန်ခံ ဘယ်သန်ကြီးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက ဒေသခံ ၁၆ ဦးနဲ့ ပကဖခေါင်းဆောင်တို့ကို သတ်ဖြတ်သွားတဲ့ အင်အား ၁၀၀ ခန့်ပါ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေရဲ့စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာအလ္လကပ္ပရွာမှာ ရောက်ရှိတပ်စွဲနေတယ်လို့ သူက ဆက်ပြောပါတယ်။

“တာတိုင်ရွာဒေသခံတွေကို သတ်ခဲ့တဲ့ စစ်ကြောင်းပဲ။ အဲ့ဒီကနေ လက္ကပင်ရွာကိုဝင်တာ ၂ ညအိပ်ပြီးတော့ ကျော်မည်းရွာကိုဝင်ပြီး တညအိပ်တယ်။ အဲ့ကနေ အလ္လကပ္ပရွာကို ဝင်ပြီးတော့ ဒီနေ့အထိ တပ်စွဲနေတယ်” လို့ ပြောပါတယ်။

လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခံရတဲ့ လက္ကပင်ရွာဒေသခံ အမျိုးသား ၇ ဦးနဲ့ပတ်သက်ပြီး စုံစမ်းသိရှိရတာမျိုး မရှိသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

လက္ကပင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ရွာ ဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ စစ်ကောင်စီတပ် မီးရှို့တာ ခံထားရတဲ့ တခြားကျေးရွာက ဒေသခံတွေ လာရောက်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။