မုံရွာ၊ မတ် ၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-မန္တလေး ကားလမ်းရှိ မြေနဲရွာအနီးမှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ဆေးရေးဂိတ်က စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်သားတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့အပြင် နီးစပ်ရာကျေးရွာတွေက ဟင်းသီးဟင်းရွက်တွေခူးပြီး အပင်တွေကို ပျက်စီးအောင်လုပ်တဲ့အတွက် မတ်လ ၆ ရက်ညနေ ၁၁ နာရီမှာ လက်နက်ကြီး ၆၀ မမနဲ့ ၃ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင် တပ်ရင်း ၇ Lightning PDF တာဝန်ခံက ပြောပါတယ်။
“အဲ့ဒီလို ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၆ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ တပ်တွင်းဖရဲသီးရဲ့ အတိအကျ သတင်းပေးချက်အရ သိရတယ်” လို့ ပြောပါတယ်။
ဒီထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်ခံရပြီးနောက်မှာလည်း စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်သားတွေကတော့ လက်ရှိအချိန်ထိ အဲ့ဒီစခန်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၇ Lightning PDF၊ မော်လိုက်ခရိုင်တပ်ရင်း ၂နဲ့ မုံရွာခရိုင်လှုပ်ရှားတပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း မုံရွာမြို့ လဝကရုံးမှာ စောင့်နေတဲ့စစ်အုပ်စုကို မုံရွာခရိုင် တပ်ရင်း ၇ Lightning PDF အဖွဲ့က RPG နဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း