myaelatt athan

Sharing Information to the Local

မြင်းခြံမှာ PDF စခန်း ၁ ခု ထပ်မံစီးနင်းခံရပြီး စုစုပေါင်းစခန်း ၅ ခုထိသိမ်းခံထားရ

0 125
0 125

၁၀ ရက်ကြာထိ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီး နေအိမ်တွေကိုလည်းမီးရှို့နေ

မြင်းခြံ၊ ဩဂုတ် ၁၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံဆင့်မြောက်ရွာက ဒေသကာကွယ်ရေးတပ်စခန်း ၁ ခုကို စစ်ကောင်စီတပ်က ထပ်မံစီးနင်းခဲ့ပြီး ၁၀ ရက်အတွင်း စုစုပေါင်း တော်လှန်ရေးတပ်စခန်း ၅ ခု စီးနင်းသိမ်းပိုက်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဩဂုတ် ၉ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ ကံဆင့်မြောက်ရွာကို စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေဘက်က ဆုတ်ခွာပေးလိုက်ရတယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးတာကိုတော့ မကြားသေးဘူး။ အတွင်းထဲဒရုန်းနဲ့ဗုံးချပြီး မြေပြင်ကနေဝင်သွားတယ်။ အနီးအနား ကပ်လို့လည်းမရသေးဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးအခြေအနေနဲ့ လက်နက်တွေသိမ်းဆည်းခံရမှုရှိမရှိကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်မှာတော့ ကံဆင့်မြောက်ရွာက PDF စခန်းတခုကို သိမ်းဆည်းရမိပြီး PDF အဖွဲ့ဝင် ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိထားတယ်လို့ ရေးသားထားပြီး ဖော်ပြထားတဲ့ပုံတွေဟာလည်း ကံဆင့်မြောက်ရွာစခန်း ဟုတ်မှန်ကြောင်း အထက်ပါကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက အတည်ပြုပါတယ်။

မြင်းခြံမြို့နယ်အတွင်းမှာ သြဂုတ်ပထမပတ်ထဲက တိုက်ပွဲစဖြစ်နေပြီး မြင်းခြံမြို့ နယ်ပတ်ချာလည် ၅ မိုင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး သီတာယုမွန်အဖွဲ့တွေပါဝင်တဲ့ အင်အား ၂,၀၀၀ ခန့်ပါ စစ်ကြောင်းက ဖြန့်ကျက်စစ်ကြောင်းထိုးနေကာ ဩဂုတ် ၁၁ ရက်နေ့အထိ ပြန်မဆုတ်သေးတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ကာလအတွင်း နတ်ထား၊ စံပြ၊ ဗလုံ၊ သမုန်းကိုင်းနဲ့ကံဆင့်မြောက်ရွာတွေရှိ ဒေသကာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီဘက်ကပြန်လည်သိမ်းပိုက်ထားပါတယ်။

ဩဂုတ် ၁ ရက်မှာ နတ်ထားကျေးရွာကစခန်း၊ ဩဂုတ် ၆ ရက်မှာ စံပြကျေးရွာကစခန်း၊ ဩဂုတ် ၇ ရက်မှာ သမုန်းကိုင်းကျေးရွာကစခန်း၊ ဩဂုတ် ၈ ရက်မှာ ဗလုံကျေးရွာကစခန်းနဲ့ ဩဂုတ် ၉ ရက်မှာ ကံဆင့်မြောက်ရွာက ဒေသကာကွယ်ရေးစခန်းတွေ သိမ်းဆည်းခံထားရတာပါ။

ဒါ့အပြင် ဩဂုတ် ၈ ရက်လည်း စစ်ကောင်စီတပ်က ဗလုံကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါသေးတယ်။

စစ်ကြောင်းထိုးနေတာနဲ့တိုက်ပွဲတွေကြောင့် ကံဆင့်မြောက်၊ ကံဆင့်တောင်၊ ပျော်ဘွယ်၊ ဖောင်းကား၊ လက်ဝဲမြင်းနီ၊ ရွာကြီး၊ ညောင်ပင်သာ၊ နတ်ထား၊ တမုန်းကိုင်း၊ စံပြကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။