myaelatt athan

Sharing Information to the Local

အမြန်လမ်း ကားမှောက်သေဆုံးမှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံနဲ့ စစ်တပ်ဗိုလ်ကြီးတဦးလည်း ပါဝင်

ရေတာရှည်၊ မတ် ၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဒို့ညီနောင်ခရီးသည်တင်ကား တိမ်းမှောက်လို့ သေဆုံးခဲ့သူတွေထဲမှာ မြန်မာ့လက်ဝှေ့လောကမှာ နာမည်ကြီးထင်ရှားခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံဟောင်း ရွှေဓူဝံ ပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၄ ရက်နေ့ ဒီကနေ့ မနက် ၅ နာရီခန့်မှာ နေပြည်တော်ဘက်နေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ တောင်ကြီး-မြဝတီ ဒို့ညီနောင်ခရီးသည်တင်ကားဟာ အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ အနီးမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာမှာ ခရီးသည် ၅ ဦး သေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

“သူပါတာ ဟုတ်တယ်။ သူက သေဆုံးသူတွေ အားလုံးထဲမှာ အဆိုးဆုံးထိခိုက်ပြီး သေဆုံးသွားတာပါ။ လက်ပါ ပြတ်သွားတယ်။ ညှပ်ရိုးနဲ့ဦးခေါင်းတွေလည်း တော်တော်လေးထိခိုက်သွားတယ်။ ခုတော့ သူတို့မိသားစုတွေလည်း ဆေးရုံရောက်နေကြပြီ။ လိုအပ်တာလုပ်ပြီးရင်တော့ သူ့မိသားစုတွေက အလောင်းကို ပြန်သယ်သွားဖို့ လုပ်နေကြတယ်” လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီကားမှောက်သေဆုံးမှုမှာ စစ်ကောင်စီတပ်ဗိုလ်ကြီးအဆင့် အရာရှိတဦးလည်း ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

“သေသွားတဲ့အထဲမှာ စစ်တပ်ဗိုလ်ကြီးအဆင့် အရာရှိတဦးလည်း ပါတယ်။ အဲ့ဒီဗိုလ်ကြီးကို သယ်တာတွေက စစ်တပ်ဘက်က သူ့ဘာသာ လာလုပ်သွားတော့ နာမည်နဲ့ တပ်ရင်းကိုတော့ မသိလိုက်ဘူး” လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ခရီးသည်တင်ကား တိမ်းမှောက်တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေကို ဆွာမြို့ဆေးရုံမှာ ထားရှိပြီး ဒဏ်ရာပြင်းထန်သူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံကျော်လက်ဝှေ့သမား ရွှေဓူဝံဟာ ၁၉၉၆ ခုနှစ်၊ ၇၅ ကီလို မစ်ဒယ်ဝိတ်တန်းမှာ ရွှေခါးပတ်ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး မြန်မာ့ရိုးရာ လက်ဝှေ့လောကမှာ နာမည်ကြီးကျော်ကြားသူ တဦး ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။