စစ်ကားမှောက်ခဲ့တဲ့ ပဲခူးရိုးပေါ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ ကားတွေထပ်တက်သွား

0 6
0 6

မင်းလှ၊ မတ် ၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့ စစ်ကား ၁၀ စီးကျော်နဲ့ အင်အားအများအပြား တင်ဆောင်ပြီး မတ်လ ၃ ရက် ဒီကနေ့မနက်ပိုင်းမှာ ထပ်တက်သွားတယ်လို့ သိရပါတယ်။

ပဲခူးရိုးပေါ်က PDF တွေ ခိုအောင်းနိုင်တဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ သွားရောက်တာ ဖြစ်ပြီး မတ်လ ၂ ရက် မနေ့က မနက်အစောပိုင်းကလည်း စစ်ကား ၃ စီးနဲ့ သွားရောက်တာမှာ ပဲခူးရိုး၊ ခါချဉ်တောင်အတက်မှာ ကားမှောက်ခဲ့လို့ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သား ၅ ဦးကျော် သေဆုံး၊ ဒဏ်ရာရခဲ့တာကြောင့် နောက်ကြောင်းပြန်ဆုတ်လာခဲ့ရပါတယ်။

“မနေ့က ကားမှောက်လို့သေတဲ့ စကစ ဗိုလ်မှူးက ဒီမင်းလှ၊ သရက်တပင်တာဆုံမှာ KTV မယ်တွေနဲ့ အတူနေပျော်ပါးပြီး မနက် ၄ နာရီလောက်ကြီး ထသွားတာ။ ကားပေါ်မှာလည်း ဘီယာ၊ အရက်တွေအကုန် တင်သွားတာ။ အဲ့ဒီပဲခူးရိုးက ကရင်မောင်နှမဆိုတာ ရှိတယ်။ နတ်ကြီးတယ်။ အမှားမခံဘူး။ အဲ့ဒီနေရာက အရင်ကတည်းက ကားခဏခဏမှောက်လို့ အသေအပျောက် များတဲ့နေရာ။ ဒီနေ့မနက်လည်း ထပ်တက်သွားပြန်ပြီ” လို့ မင်းလှမြို့ခံ တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပဲခူးရိုးပေါ်တက်ရောက် စစ်ကြောင်းထိုးဖို့ ရောက်ရှိနေလို့ ဒေသခံပြည်သူတွေအနေနဲ့ ရိုးမအတွင်းကို သတိထားသွားလာကြဖို့ သာယာ၀တီခရိုင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီမနက် ထပ်တက်လာတယ်ဆိုတာ ကျနော်တို့လည်း သတင်းရထားတယ်။ လောလောဆယ် ရိုးပေါ်ကို ရှေ့ပြေးအနေနဲ့ စစ်ကား ၄ စီး‌ ရောက်နေတာ တွေ့တယ်။ ကျန်တဲ့ကားတွေတော့ ဘယ်မှာထားခဲ့ပြီး စောင့်နေလည်း မသိဘူး။” လို့ သူက ပြောပါတယ်။

ပဲခူးရိုးပေါ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပဲခူးအနောက်ခြမ်းကို အခြေပြုထားတဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေရဲ့ နောက်ချန်အင်အားတွေကို စုဖွဲ့ထားတာဖြစ်ပြီး မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ မှာ စစ်အင်အား ၂၀၀ ကျော် စုဖွဲ့အင်အား ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။