ရက် ၂၀ ကျော်အတွင်း စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂၀ ဦး BRR ဆီဘက်ပြောင်းလာ

ပခုက္ကူ၊ ဩဂုတ် ၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၁၊ ခလရ ၂၃၅ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၅ ရက်အတွင်း ဘက်ပြောင်းခိုလှုံလာတယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းလာသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ မုံရွာ၊ ရေစကြို၊ မြိုင်၊ ကညွတ်ကွင်း၊ နေပြည်တော် တို့မှာ စစ်မှုထမ်းအတွက်ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“၇ လပိုင်း ၁၂ ရက်ကစပြီး ၃ ဦးစဝင်လာတာ၊ အဲ့ဒီအချိတ်အဆက်ကနေပြီးတော့ အပတ်စဉ် ၁၁ ကော အပတ်စဉ် ၁၂ ကောဆိုရင် အကုန်လုံး ၂၀ လောက်ရှိတယ်၊ ဝင်ဝင်ချင်း ၃ ဦးဝင်တာရှိတယ်၊ ၅ ဦးဝင်တာရှိတယ်၊ အဲ့ဒါတွေကို သတင်းမထုတ်ပြန်ဘူးဆိုတာကလည်း ခဏခဏထုတ်ပြန်ရမှာမလို့ လူများကာမှ စုပြီးတင်လိုက်တာ”လို့ Burma Revolution Rangers တာဝန်ခံဒီမိုက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေဟာ အသက် ၁၉ မှ ၃၁ နှစ်ကြားရှိ သိန်းထွန်းလှိုင်၊ အောင်ဆန်းထွန်း၊ မျိုးဇင်၊ ဝဏ္ဏကျော်၊ မောင်နိုင်၊ အောင်မျိုးထက်၊ ကျော်မျိုးအောင်၊ သန့်ဇင်ထွန်း၊ ဇင်မင်းခန့်၊ ကောင်းစစ်ပိုင်၊ ချဲနောင်၊ ကောင်းခန့်သူ၊ ဌေးမင်းဇော်၊ကောင်းမင်းခန့်၊ ကိုနိုင်လင်း၊ ကိုကိုအောင် နဲ့ အချက်အလက်ဖော်ပြလို့မရသူ ၄ ဦးဖြစ်ပါတယ်။

၎င်းတို့ဟာ စစ်ကိုင်းမြို့နယ်မှ ၄ ဦး၊ မန္တလေးမှ ၄ ဦး၊ ရေစကြိုမှ ၂ ဦး၊ ကညွတ်ကွင်းမှ ၁ ဦး၊ ရွှေဘိုမြို့နယ်မှ ၁ ဦး၊ မုံရွာမြို့နယ်မှ ၂ ဦး၊ မြိုင်မြို့နယ်မှ ၁ ဦး၊ နေပြည်တော် ၁ ဦး အမည်နဲ့ နေရပ်ဖော်ပြလို့ မရသူ ၄ ဦးတို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဗထူးသင်တန်းကျောင်းမှာ စစ်သင်တန်း ၃ လတက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အစောကြီးကတည်းက သူတို့ကလည်း စစ်ကောင်စီကိုမကြိုက်ဘူး၊ စစ်ကောင်စီယုတ်မာတာကော မကောင်းဘူး ဆိုတာကောသိတယ်၊ ပြေးလို့မရလို့သာ မပြေးခဲ့တာ၊ ဒီဘက်ရောက်တော့ ကျနော်တို့နဲ့ အချိတ်အဆက်ရပြီးတော့ ထွက်ပြေးလာကြတာ၊ ကျနော်တို့ကလည်း သွားပြီးတော့ ခေါ်လာတာလည်းရှိတယ်၊ ဒီရောက်တော့ သူတို့စားဖို့‌သောက်ဖို့ နေဖို့ထိုင်ကအစ စီစဉ်ပေးတယ်၊ ပြီးလို့ရှိတော့လည်း သူတို့မိသားစုတွေဆီ ပြန်ဆက်သွယ်ပြီး ပြန်ရမဲ့လမ်းကြောင်းနဲ့ ပြန်ပို့ဖို့လည်းလုပ်ထားတယ်”လို့ တာတန်ခံ ဒီမိုက ဆက်ပြောပါတယ်။

Burma Revolution Rangers အဖွဲ့ဟာ မကွေးတိုင်း၊ ပခုက္ကူမြို့ မြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့မှာ လက်ရှိဘက်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးရှိပြီး ၁၈ ဦးကိုတော့ မိဘတွေဆီ ပြန်ပို့ထားကာ ၂ ဦးကတော့ တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။