အမြန်လမ်း ရဲကင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံး

0 45
0 45

မိတ္ထီလာ၊ ဩဂုတ် ၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ တလင်းကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၉ အနီးရှိ တလင်းကုန်းတံတားစောင့် ရဲကင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့( Meiktila Revolution Group) ထံက သိရပါတယ်။

ဩဂုတ် ၅ ရက်နေ့၊ မ‌နေ့ကမနက် ၃ နာရီ၊ မိနစ် ၃၀ ခန့်မှာ အရာခံဗိုလ်ဦးစီး အင်အား ၁၄ ဦးရှိနေတဲ့ရဲကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ဘန်ကာကတုတ်ကျင်းထဲကကိုမထွက်ဘဲ အပြန်အလှန်ပစ်ခတ်ရင်း သူတို့ကလည်း နောက်ပိုင်း နှစ်ယောက်ကျသွားတဲ့အတွက် အနည်းငယ်ဘဲပြန်ပစ်နိုင်တယ်။ နာရီဝက်လောက်ကြာသွားတော့ ဆက်ပြီး ကပ်ဖို့ရာအဆင်မပြေလို့ ပြန်ဆုတ်ခဲ့ရတယ်။ မိုးလည်းလင်းခါနီးသွားပြီဆိုတော့။ “လို့ Meiktila Revolution Group ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးထိမှန်လို့ ရဲတဦးနေရာမှာတင်သေဆုံးပြီး အပြန်အလှန်ပစ်ခတ်နေစဥ် ရဲတပ်သားတဦး ထပ်မံကျည်ထိပြီး မိတ္ထီလာဆေးရုံပို့ဆောင်စဥ်သေဆုံးသွားတာကို စစ်ကောင်စီအတွင်းသတင်းပေးတွေက တဆင့် အတည်ပြုထားနိုင်တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မနက် ၉ နာရီကျော်လောက်မှာ ရဲအင်အား ၅၀ ကျော်နဲ့ တပ်မ ၉၉ က စစ်ကောင်စီအင်အား ၁၆ ဦးတို့ဟာ တလင်းကုန်းရွာကို ဝင်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး ပြန်သွားကြတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်တပ်ရင်း ၈ ဒရုန်းအဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း ၃၊ Meiktila Revolution Group၊ မလှိုင်ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မေ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့နယ်၊ လှော်ကားလသာကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း ၃၂ မိုင်အနီးက ရဲကင်းတိုက်ခိုက်ခံရပြီး ရဲအဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။