ပေါက်ခေါင်း၊ သြဂုတ် ၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာအုပ်စု၊ နတ္တလင်းစုရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူတွေဟာ နတ္တလင်းစုကျေးရွာနေ အသက် ၂၀ နဲ့ ၁၆ နှစ်ရှိ လူငယ်အမျိုးသား ၂ ဦးဖြစ်ပြီး သြဂုတ် ၂ ရက် ည ၇ နာရီကျော်မှာ ကျေးရွာပြင်ပကိုခေါ်ဆောင်ကာ သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
” သေနတ်သံ သုံး၊ လေးချက် ကြားလိုက်ရတယ်။ သေနတ်သံကြားပြီး မကြာဘူး မီးရှို့တဲ့ မီးခိုးလုံးတွေ တက်လာတယ်။ ဘုန်းကြီးကျောင်းထဲကနေ ခေါ်ထုတ်ပြီး ရွာအပြင်မှာ သွားသတ်တာ။ သတ်တဲ့နားမှာရှိတဲ့ လှည်းတစီး၊ ဆိုင်ကယ်တစီးနဲ့အိမ်က ထရံတွေ၊ သက်ကယ်တွေရယ်ကို ဖျက်ဆီးပြီး လောင်စာအဖြစ်လုပ်တယ်။ အဲ့နားက ကားတစီးထဲက ဓာတ်ဆီတွေကို ထုတ်ပြီး အစဖျောက် မီးရှို့ခဲ့တာပါ” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ပေါက်ခေါင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
နတ္တလင်းစုရွာကို အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင် ၃၁ ရက်မှာ စတင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁ ရက် မနက်ပိုင်းမှာ ရွာခံ ၆၀ ကျော်ကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
” အဲ့ဖမ်းခံထားတဲ့သူတွေကို ကောင်လေး ၃ ယောက်က အခြေအနေသွားကြည့်ကြတာ။ ၃ ယောက်ထဲက ၂ ယောက်ကိုတော့ကင်းချထားတဲ့ စစ်သားတွေက ဖမ်းမိလိုက်တယ်။ ၁ ယောက်ကတော့ထွက်ပြေးလွတ်သွားတယ်။ ဖမ်းခံရတဲ့ ၂ ယောက်ကို သတ်ဖြတ်သွားတာ”လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းဝင်ရောက်ခဲ့စဥ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ နတ္တလင်းစုရွာခံ အသက် ၅၀ ကျော်အရွယ် ကိုမိုးဝင်းဆိုသူမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေကြောင့် နှလုံးရပ်အမောဖောက်ကာ သေဆုံးခဲ့သေးတယ်လို့လည်း သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၄ ရက် ယမန်နေ့ နေ့လယ်ပိုင်းမှာ နတ္တလင်းစုရွာကနေ ထွက်ခွာပြီးကင်မွန်းခြုံရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေကြောင်းသိရကာ စစ်ကြောင်းထွက်ခွာချိန်မှာ နတ္တလင်းစုကျေးရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားတဲ့ဒေသခံတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အထက်ပါစစ်ကောင်စီစစ်ကြောင်းကြောင့် နတ္တလင်းစုရွာနဲ့အနီးတဝိုက်ရွာတွေဖြစ်တဲ့ ဒွရွာ၊ ယောင်းပြန်ရွာ၊ ကြို့ပင်ရွာနဲ့ ကင်မွန်းခြုံရွာက သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂,၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ