ပခုက္ကူ၊ ဩဂုတ် ၅၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ရင်း PDF ၁ ဦးကျဆုံးခဲ့ပြီး ၎င်းကို စျာပနအခမ်းအနားနဲ့သင်္ဂြိုဟ်ခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၈ တပ်ရင်း ဆီက သိရပါတယ်။
ကျဆုံးခဲ့သူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း ၈ တပ်ဖွဲ့ဝင် အသက် ၂၀ ကျော်ရှိ နန်းခန့်ဝင်း (ခ) Silent ဖြစ်ပြီး ဩဂုတ် ၃ ရက်က ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ရိက္ခာယာဉ်တန်းအစီး ၁၀၀ ကို တိုက်ခိုက်စဥ် စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ငယ်ကျည်ထိမှန်ပြီးကျဆုံးခဲ့တာလို့ အမှတ် ၈ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။



တပ်ဖွဲ့ဝင်နန်းခန့်ဝင်း (ခ) Silent ရဲ့ ဈာပနအခမ်းအနားကို ဩဂုတ် ၄ ရက် ယမန်နေ့မှာ ပခုက္ကူမြို့နယ်တနေရာမှာပြုလုပ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတာဝန်ရှိသူတွေနဲ့တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်နဲ့အသိမိတ်ဆွေတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။



ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁၅ ဦးအထိ ကျဆုံးခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။