မြေလတ်အသံ၊ သြဂုတ် ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေးဆိုင် ၁ ဆိုင်ကို သြဂုတ် ၂ ရက် ည ၁၂ နာရီကျော်မှာ ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသားလည်း အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့၊ အောက်လယ်ပြင်ကျေးရွာရှိ နေအိမ်နဲ့တွဲလျက်ဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ကို လူငယ် ၄ ဦးက ဓားပြဝင်တိုက်ချိန် ပိုင်ရှင် ဦးဝင်းဗိုလ်ကို ဓားနဲ့ခုတ်သတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူ ဒေါ်ချိုစန်းကိုပါ လည်လှီးခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ဆိုပါတယ်။
“ဓားပြတွေကို ဆိုင်ရှင်ကမှတ်မိတော့ မင်းကဘယ်သူ့သား၊ ဘာလို့တိုက်တာလည်း ဘာညာလုပ်တဲ့ အခါမှာ ဓားပြတွေက သူတို့ကို သိသွားတော့ သတ်လိုက်တာပေါ့။ လက်စဖျောက်တဲ့ပုံစံမျိုးပေါ့။ အမျိုးသမီးကတော့ လည်ပင်းကို ဓားနဲ့အလှီးခံရတာပြောတယ်။ အဲ့နဲ့ သေချင်ယောင်ဆောင်လိုက်တာတဲ့”လို့ အင်းတော်ဒေသခံ အမျိုးသားတဦးကပြောပါတယ်။
အဲ့ဒီနေ့ညမှာ သမီးဖြစ်သူအပြင်သွားချိန် အိမ်ပြန်နောက်ကျမှာဖြစ်တဲ့အတွက် တံခါးကိုမပိတ်ပဲ စေ့ထားချိန်မှာ ဓါးပြဝင်တိုက်သွားတာလို့ ဆိုပါတယ်။
ဓားပြခံလိုက်ရပြီး ဆိုင်ထဲမှာထားရှိတဲ့ ငွေကျပ်သိန်း ၃၀၀ နဲ့ ရွှေထည်အချို့ပါသွားခဲ့ပြီး ဆိုင်ရှင် အမျိုးသမီး ဒေါ်ချိုစန်းမှာ လည်ပင်းလှီးခံရတဲ့ ဒဏ်ရာနဲ့ဆေးကုသမှုခံယူနေကာ လက်ရှိမှာ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ အထက်ပါအမျိုးသားကဆိုပါတယ်။
လက်ရှိမှာ ဓားပြတိုက်လူသတ်ခဲ့သူ ၄ ဦးကို အင်းတော်မြို့နယ်ရှိတော်လှန်ရေးအဖွဲ့တခုက ဖမ်းမိထားပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေလတ်အသံကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့လယ် ၁ နာရီကျော်ကလည်း အင်းတော်မြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ ဦးတင်အောင်ရွှေဆိုင်ကို ဓားနဲ့သေနတ်တွေကိုင်ဆောင်ထားတဲ့ အမျိုးသား ၅ ဦးက ဝင်ရောက်လာပြီး ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေနားတောင်း စုစုပေါင်း ရွှေ ၁ ပိဿာခွဲနဲ့ ငွေကျပ်သိန်း ၅၀ တို့ကို ဓားပြတိုက်ယူဆောင်ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အထက်ပိုင်း နယ်စပ်မျဉ်းအနီးမှာတည်ရှိတဲ့ အင်းတော်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅၊ ဧပြီ ၇ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စာတည်း – လင်း