မြေလတ်အသံ၊ သြဂုတ် ၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက်ည ၇ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၅၀ အရွယ် ဒေါ်ညွန့်ဝင်းရဲ့ ဆီးခုံနဲ့ဗိုက်ကို ဗုံးစထိမှန်ပြီး အူပွင့်ထွက်တာလည်းရှိတာကြောင့် ဆေးရုံကိုပို့ဆောင်ကုသနေရတယ်လို့ ဆိုပါတယ်။


“သူတို့အိမ်က ရွာရဲ့အစွန်ဆုံးမှာရှိတာ။ အဲဒီအိမ် ၁ လုံးကိုပဲကြဲသွားတာ ဒရုန်းနဲ့။ အမျိုးသမီးကို ကျေးရွာဘုန်းကြီးကနေပြီးတော့ ပြည်ဆေးရုံကိုလိုက်ပို့တယ်။ လောလောဆယ်တော့ သေဆုံးမှုမရှိသေးဘူးလို့သိရတယ်”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒေါ်ညွန့်ဝင်းမှာ အမျိုးသားနဲ့ သားသမီး ၅ ဦးရှိပြီး နေအိမ်ကိုဗုံးကြဲခံရချိန်မှာ သူဟာအိမ်နောက်ဖေးမှာ နွားမီးဖိုနေပြီး ဒရုန်းသံကြောင့် သားသမီးတွေရဲ့ သတိပေးအော်ခေါ်သံကိုမကြားတဲ့အတွက် အခုလိုထိမှန်ခဲ့တာလို့ သူကဆိုပါတယ်။


အဲ့ဒီဒေသအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘန့်ဘွေးကုန်းကျေးရွာ စစ်ကောင်စီအထိုင်စခန်းကနေ ဒရုန်း ၂ စီးနဲ့ အိုင်ကြီးဒေါင့်ကျေးရွာကို တိုက်ခိုက်ခဲ့တာလို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ အိုင်ကြီးဒေါင့်ကျေးရွာဟာ ဘန့်ဘွေးကုန်းကျေးရွာနဲ့ ၄ မိုင်ခန့်ကွာဝေးပြီး ရွာထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်တာတွေလည်းမရှိဘူးလို့ သိရပါတယ်။


ပြီးခဲ့တဲ့ဇူလိုင် ၂၄ ရက်ကလည်း အင်အား ၇၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ဆယ်ရွာကနေဒေသခံတွေကို ဖမ်းဆီးပြီး ဘန့်ဘွေးကုန်းရွာစခန်းကိုတပ်ပြန်ဆုတ်လာချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းအနီး ကားလမ်းမှာတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း