နွားထိုးကြီး၊ ဩဂုတ် ၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်အစပ် ဇီးတော-ဒဟတ်သွားကျေးရွာချင်းဆက် လမ်းပေါ်မှာ PDF နဲ့ထောက်ပို့အချို့လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ကားပေါ်ပါသူ ၄ ဦးစလုံး သေဆုံးသွားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၈ တာဝန်ရှိသူတွေဆီက သိရပါတယ်။
သေဆုံးသွားသူတွေက မြင်းခြံခရိုင်တပ်ရင်း ၈ က အသက် ၁၉ နှစ်အရွယ် ပိစိ၊ မိတ္ထီလာခရိုင် တပ်ရင်း ၃ က အသက် ၂၄ အရွယ် ထက်မြတ်နဲ့ အသက် ၄၀ ကျော်အရွယ် ထောက်ပို့အမျိုးသား ၂ ဦးဖြစ်ပြီး ဇူလိုင် ၃၀ ရက်မနက် ၈ နာရီ မိနစ် ၃၀ ခန့်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတာလို့ ဆိုပါတယ်။
“သူတို့က ကားနဲ့လိုက်သွားတာ။ * * ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခံလိုက်ရတာ။ RPG နဲ့ပစ်ခံရတာ။ ကင်းပုန်းက စစ်တာ။ သူတို့ကဆက်မောင်းသွားတော့ RPG နဲ့ပစ်ထည့်လိုက်တာ ကားက ပွင့်ထွက်သွားတာ။ “လို့ မြင်းခြံခရိုင်တပ်ရင်း ၈ တာဝန်ရှိသူတဦးကပြောပါတယ်။
PDF အဖွဲ့ဝင်တွေစီးသွားတဲ့ကားဟာလည်း RPG နဲ့ပစ်ခံရလို့ မီးလောင်ပျက်စီးသွားပြီး ကားပေါ်ပါ ရိက္ခာတွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးတပ်ဖွဲ့ဝင်တွေနဲ့ထောက်ပို့တွေဟာ ရှေ့တန်းတပ်ဖွဲ့ဝင်တွေအတွက် ထမင်းဟင်းသွားပို့ချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကားပေါ်မှာ စုစုပေါင်း ၄ ဦးသာပါတယ်လို့ သူကဆက်ပြောပါတယ်။
ကျဆုံး PDF အဖွဲ့ဝင် ၂ ဦးရဲ့ အလောင်းကိုတော့ ဇူလိုင် ၃၁ ရက်မှာ ပြန်လည်ကောက်ယူရရှိပြီး နေ့ချင်းသဂြိုဟ်ပေးခဲ့ရကာ ထောက်ပို့ပြည်သူ ၂ ဦးရဲ့အလောင်းကိုတော့ အစရှာမရတဲ့အတွက် အလောင်းပြန်မရခဲ့ဘူးလို့ သိရပါတယ်။
စာတည်း – လင်း