စခန်းမီးရှို့ခံလိုက်ရတဲ့ PDF နှစ်ဖွဲ့ ငွေချေးပြီး လက်နက်ကြီးကျည်တွေ ထုတ်လုပ်နေရ

0 4
0 4

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် Chindwin Revolutionary Fighter နဲ့ မဟူရာဒေါင်မင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စခန်းမီးရှို့ဖျက်ဆီးခံလိုက်ရပြီးနောက် ပြင်ပကနေ ငွေချေးပြီးတော့ လက်နက်ကြီးကျည်တွေကို ကိုယ်တိုင်ထုတ်လုပ်နေရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကျည်ကတော့ ၆၀ မမ၊ ၁၂၀ မမ၊ ၃၇၃ မမ တို့ဖြစ်ပြီး၊ ထုတ်လုပ်မှုကို ဖေဖော်ဝါရီ လက စတင်ကာ တရက်မှာ အလုံးရေ ၅၀ ခန့် ထုတ်လုပ်နိုင်ခဲ့တယ်လို့ မဟူရာဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုမိုးလုံက ပြောပါတယ်။

“သံတွေကိုတော့ မိုင်းတဲတာဝါတိုင်ကနေ ရရှိပါတယ်ဗျ။ တရက်ကို အလုံးရေ ၅၀ ထုတ်လုပ်နိုင်ပါတယ်ဗျ။ ဘယ်လောက်ထုတ်ပြီးပြီဆိုတာတော့ လုံခြုံရေးအတွက် သည်းခံပေးပါဗျ။ ကျည်တစ်လုံး အပြီးအစီးဆိုရင် ၈ သိန်းလောက် ကုန်ပါတယ်။ အလှူငွေကလည်း မတရားနည်းနေပါတယ်။ ပြင်ပကနေ ချေးထားတဲ့ငွေက သိန်းတရာလောက်တော့ ရှိပြီဗျ” လို့ ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ ကာကွယ်ရေးတပ် ၂ ဖွဲ့အနေနဲ့ လက်နက်ကျည် ထုတ်လုပ်မှုအပိုင်းကို ဦးစားပေးနေရတာကြောင့် တိုက်ပွဲကြီးတွေ မလုပ်နိုင်သေးဘဲ ပြောက်ကျားစနစ်နဲ့ပဲ လှုပ်ရှားနေတယ်လို့ ကိုမိုးလုံက ဆက်ပြောပါတယ်။

“အချိန်တခုအတွက် စုဆောင်းနေတာပါဗျ။ လက်နက်အစစ်က မပြည့်စုံတော့ တက်တဲ့ပညာကို လေ့လာပြီး ထုတ်လုပ်နေတာပါဗျ။ တိုက်ပွဲတွေလည်း ပြောက်ကျားတိုက်နေပါတယ်။ မပိုင်ဘဲနဲ့ ပစ္စည်းဆုံးရှုံးရတဲ့အဖြစ်ကို မလိုလားလို့ပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည် ထုတ်လုပ်နေတာဟာလည်း ပြင်ပကနေ ငွေချေးပြီး လုပ်နေရတာကြောင့် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သလောက်လည်း အလှူငွေထည့်ဝင်ပေးကြဖို့ကို အနူးအညွန့် မေတ္တာရပ်ခံတယ်လို့ ကိုမိုးလုံက ဆိုပါတယ်။

Chindwin Revolutionary Fighter နဲ့ မဟူရာဒေါင်မင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သိန်း ၈၀ ခန့်တန်ဖိုးရှိတဲ့ လက်နက်၊ ခဲယမ်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။