ကန့်ဘလူက NUG ဆေးရုံဗုံးကြဲခံရပြီး ၅ ဦးသေဆုံး

မြေလတ်အသံ၊ ဇူလိုင် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ဆေးရုံတခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်၊ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက်ည ၁၀ နာရီကျော်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း အရှေ့ဘက်တနေရာရှိ `Charging´ ခေါ် NUG ရဲ့ ယာယီဆေးရုံပေါ်ကို ဗုံး ၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

“ကျနော်သိသလောက် လူနာစောင့် ၅ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူများတယ်ဗျ။ ဆက်သွယ်ရခက်ခဲတော့ မြေပြင်အသေးစိတ်တော့မသိရသေးဘူး။ NUG ရဲ့ ယာယီဆေးရုံတခုပေါ့။”လို့ မြေပြင်အခြေအနေကို သိရှိထားတဲ့ အမျိုးသားတဦးကပြောပါတယ်။

နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဗုံးကြဲခံရတဲ့ အဆိုပါဆေးရုံကို ပြီးခဲ့တဲ့ ၂၀၂၁၊ မတ်လအတွင်းမှာ သစ်၊ဝါးတွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေကို ဆေးကုသပေးနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာလို့ အထက်ပါအမျိုးသားကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်၊ ည ၁၁ နာရီ ကျော်မှာလည်း NUG ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့ နယ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် သားဖွားမီးယပ်အဆောင်အပါအဝင် အဆောက်အအုံ ၃ လုံးပျက်စီးခဲ့ပြီး ကလေးမိခင် ၁ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။