myaelatt athan

Sharing Information to the Local

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်

0 120
0 120

ရဲ ၈ ဦးသေဆုံး၊ ၂ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

စလင်း၊ ဇူလိုင် ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲ စုပေါင်းအင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ဇူလိုင် ၃၀ ရက် မနက် ၄ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၈ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အရင်ဆုံးစခန်းအနားကို ပစ်တက်တွေတက်ပြီးမှလုပ်ရင်းကနေ စခန်းထဲကို ၅ နာရီ ၃ မိနစ်မှာ ဝင်နိုင်တယ်၊ ဝင်ပြီး ဖြေးဖြေးချင်း ဘန်ကာတွေ ၁ ခုချင်း ၁ ခုချင်းကို တိုက်ခိုက်ချေမှုန်းပြီး ဖျက်ဆီးပြီးတော့ စခန်း ၁ ခုလုံးရရေးကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်၊” လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ M4 ကပြောပါတယ်။

တိုက်ပွဲကြာချိန် ၃ နာရီဝန်းကျင်ကြာခဲ့ပြီး မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲပြီးနောက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းကို ဝင်ရောက်တိုက်ခိုက်တာမှာ အခက်အခဲတွေ အများကြီးတော့ရှိတယ်၊ စခန်းရဲ့ပတ်ချာလည်မှာ ပြည်သူနေအိမ်တွေ အများကြီးရှိတယ်၊ သေချာပေါက်က စခန်းသိမ်းရင် အဆိုးဆုံး ဘက်ကတော့ လေကြောင်းလာရောက်ပစ်ခတ်မယ့် အရာကို ကျနော်တို့ ထည့်တွက်ထားတာရှိတယ်၊ ကျနော်တို့ စခန်းကိုရပြီးတဲ့အချိန်မှာ လေကြောင်းက ၃ ကြိမ်လာပြီးကြဲတယ်၊” လို့ တာဝန်ခံ M4 က ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း ပြည်သူတွေထိခိုက်မှုမရှိအောင်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗုံးကြဲချိန်မှာတော့ ရဲစခန်းအနီးရှိနေအိမ်က ကလေးငယ် ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ကြဲတဲ့အထဲက စခန်းရဲ့ပတ်ချာလည် နေအိမ်က ကလေးငယ် ၁ ဦးကို ဗိုက်ပွင့်ဒဏ်ရာရသွားတယ်ဆိုပြီး ကြားတယ်၊ အခုတော့ အဲ့ဒီကလေးက ဆုံးသွားပြီလို့ ကျနော်တို့ သတင်းကြားသိရတယ်၊ အတတ်နိုင်ဆုံးတော့ ပြည်သူတွေ အန္တရာယ်ကင်းအောင် ပြည်သူတွေ မထိအောင် ကျနော်တို့ ပြင်ဆင်ပြီးကာမှ သိမ်းယူခဲ့တာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အလောင်း ၈ လောင်းမျက်မြင်တွေ့ခဲ့ရပြီး ၂ ဦးကိုဖမ်းဆီးကာ G 3 ၅ လက်၊ MA 13 ၁ လက်၊ 9 မမ ကျည် ၂၀၀ ကျော်၊ G3 ကျည် ၃,၀၀၀ ကျော်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“G3 ကျည်ကတော့ သိမ်းဆည်းရခဲ့တာ အများကြီးပဲ၊ သူတို့တတွေကို ငါးကျင်းဆီနဲ့ ငါးကျင်းပြန်ကြော်တာဆိုတော့ ပြန်ပစ်တာကြောင့် လက်ကျန်ကတော့ ၃၀၀ ကျော်ဝန်းကျင်ပဲကျန်တယ်၊ စပြီးသိမ်းဆည်းရမိတုန်းကတော့ ၃,၀၀၀ ကျော်လောက် သိမ်းဆည်းရမိခဲ့တယ်” လို့ တာဝန်ခံ M4 ကပြောပါတယ်။

သေဆုံးသွားတဲ့ အထဲမှာတော့ ဒုရဲအုပ်တွေနဲ့ လက်ရှိယာယီစခန်းမှူးတာဝန်ယူထားတဲ့သူလည်း ပါဝင်ပြီး
ဖမ်းဆီးရမိတဲ့ ရဲ ၂ ဦးကိုတော့ စစ်ဘက်ဆိုင်ရာဥပဒေအရ လူအခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့် လျှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကပစ ၂၁ က စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တညောင်တိုက်နယ် ရဲစခန်းကိုဦးတည်ကာ စစ်ကြောင်းထိုးလာနေပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း လက်နက်နဲ့ မိုင်းတွေဖြည့်တင်းထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။