MDY PDF ထိန်းချုပ်ထားတဲ့စဉ့်ကူးမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အကျဉ်းသားတွေအပါ ၂၄ ဦးသေဆုံး

မြေလတ်အသံ၊ ဇူလိုင် ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရဲစခန်းနဲ့ ရွှေပန်းတောရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အကျဉ်းသားတွေအပါအဝင် လူ ၂၄ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၃၀ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက်ညမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်နဲ့ လက်ပန်လှရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြစ်ဒဏ်ကျအကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယတရားခံ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ရွှေပန်းတောကျေးရွာကိုတိုက်ခိုက်မှုမှာ ပြည်သူအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ဇွန် ၉ ရက်ကလည်း စဉ့်ကူးမြို့ နယ်၊ ကျည်တောက်ပေါက်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ ၂၄ ရက်အတွင်း မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဖွဲ့ဝင် ၇ ဦး ရုပ်အလောင်းနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။