myaelatt athan

Sharing Information to the Local

ခင်ဦးမှာ တရက်တည်း စစ်ရှောင် ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရ

0 4
0 4

ရွှေဘို၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၇ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၁၀၀ ‌နီးပါးနဲ့ ခင်ဦးမြို့‌ပေါ်မှာ အခြေချထားပြီး ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာတော့ မြို့ပေါ်ကနေ ခြေလျင်နဲ့ ထွက်လာပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာ ၇ ရွာနီးပါးက ဒေသခံပြည်သူ ၉ ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“စစ်ကောင်စီက တပ်ရင်းတပ်မ ဘယ်လောက်ကလဲဆိုတာ မသိရသေးပါဘူး။ ခင်ဦးနယ်ထဲရောက်နေတာကတော့ ၂ ပတ်ကျော်ပါပြီ။ မြို့ပေါ်ရောက်နေတာ ၂ ရက် ရှိပါပြီ။ အခုက အနောက်ဘက် သူတို့လာခဲ့တဲ့ ရေဦးမြို့ဘက် ပြန်ခေါက်ဖို့ စစ်ကြောင်းထိုးနေတာပါ” လို့ ဆိုပါတယ်။

အခုလို ခင်ဦးမြို့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ကံသာယာရွာ၊ ကံသစ်ရွာ၊ ဌက်ပျော်ရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီးရွာ၊ စည်ပုတ္တရွာနဲ့ အနီးနားကျေးရွာက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

“သူတို့ ဗအိုးရွာထဲကို လက်နက်ကြီးတွေ ပစ်ပြီး ဝင်နေတယ်။ စစ်ကြောင်းထွက်ရင်း လမ်းကြောင်းရှင်းတဲ့ သဘောနဲ့ ရမ်းပစ်နေတာ အခုလည်း ဗအိုးရွာထဲက နေအိမ်တွေကိုလည်း ဖျက်ဆီးတာတွေ လုပ်နေတယ်။ ထွက်ပြေးနေရတဲ့ ရွာတွေက တရွာနဲ့တရွာ ပေ ၂ ထောင်လောက်ပဲ ဝေးကြတာ” လို့လည်း ဆိုပါတယ်။

အခုလက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာရဲ့ အနီးနားတဝိုက်မှာ ရှိနေသေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ ကျေးရွာထဲကို ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကလည်း အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့ပေါ်က အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ မိသားစုဝင်တချို့နဲ့ လူလတ်ပိုင်း အမျိုးသား ၁၀ ဦးထက်မနည်း မြို့ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လွှတ်မပေးသေးဘူးလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page မှထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။