ကျော်ကြီး၊ ခေတ်သဒ္ဒါ
နွားထိုးကြီး၊ ဇူလိုင် ၂၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှူကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦးအပါအဝင် ၇ ဦးသေဆုံးတယ်လို့ နွားထိုးကြီးမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက်မနက် ၁၀ နာရီခန့်မှာ မျက်ရှူကျေးရွာခံတွေစုနေထိုင်နေကြတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံး ၂ လုံးကြဲချခဲ့ရာမှ ထိခိုက်သေဆုံးခဲ့တာလို့ဆိုပါတယ်။
” မနေ့က စစ်ကြောင်းထိုးလာပြီးတော့ တကယ်တမ်းတိုက်ပွဲမဖြစ်ဘဲနဲ့ စစ်ရှောင်နေတဲ့ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးချတာ။ ကလေးတွေက လူကြီးတွေလိုမဟုတ်ဘဲ ပြေးလွှားနေချိန်ဆိုတော့ ကလေးတွေထိတာများတယ်”လို့ နွားထိုးကြီးမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်ခံရချိန်မှာ အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ကြား ယောင်္ကျားလေး ၁ ဦး၊ မိန်းကလေး ၃ ဦးနဲ့ အသက် ၄၀ ကနေ ၅၀ ကြားအမျိုးသမီး ၂ ဦးစုစုပေါင်း ၆ ဦးနေရာမှာသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူတွေထဲက အသက် ၅၀ ကျော်အမျိုးသား ၁ ဦးမှာ ဆေးကုသနေရင်း ဇူလိုင် ၂၇ ရက် ဒီမနက်ပိုင်းမှာ ထပ်မံသေဆုံးခဲ့ပါတယ်။
သေဆုံးသွားသူတွေက မျက်ရှူကျေးရွာကဖြစ်ပြီး ကျေးရွာထဲက နေအိမ်ကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေစရာမရှိတာကြောင့် ဘုန်းကြီးကျောင်းမှာစုနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဘုန်းပြီးကျောင်းအတွင်းမှာ မျက်ရှူကျေးရွာခံတွေအပါအဝင် သာစည်ကျေးရွာက ဒေသခံ ၁၀၀ ဝန်းကျင်ခန့်နေထိုင်ကြတာလို့ သိရပါတယ်။
“တံတားဦးနယ်ဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းဗျ။ ဒရုန်းအရင်လွှတ်ပြီးစစ်ရှောင်တွေ နေနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို ဗုံးသီး ၂ လုံးကြဲချတာ။ ဒဏ်ရာရတဲ့အထဲမှာ ကလေးတယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေပါ။ ဆီးခုံကိုထိထားတော့ အခြေအနေမကောင်းဘူးလို့ ကြားတယ်ဗျ။”လို့ ဒီတိုက်ခိုက်မှုကိုသိရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီမနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်အခြေအနေမသိရသေးဘဲ စစ်ကောင်စီစစ်ကြောင်းကတော့ ကျေးရွာအနီးဝန်းကျင်တဝိုက်မှာရှိနေသေးတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာကို ပေါင် ၅၀၀ ဗုံးချခံရလို့ ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၁၈ လုံး
ပျက်စီးသွားတယ်လို့သိရပါတယ်။
မျက်ရှူကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ဒရုန်းဗုံးချခံရပြီးနောက် ဇူလိူင် ၂၇ ရက်မနက်ပိုင်းမှာလည်း ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေလို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စာတည်း – လင်း