မြိုင် ၊ ဇူလိုင် ၂၇၊ ၂၀၂၅ ။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကနေ ရိက္ခာရှာထွက်လာတဲ့ အမျိုးသမီးနဲ့ကလေးတွေကို လွတ်မြောက်ဒေသကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက်မှာ သရက်ကန်ကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစောထီးတွေက ရိက္ခာထွက်ရှာခိုင်းတဲ့ သက်ကြီးအမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးနဲ့ ကလေး ၂ ဦးကို သရက်ကန်ရွာရဲ့ မီတာ ၅၀၀ ခန့်အကွာမှာ တွေ့ရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ မိုင်းထိဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
“ ကျနော်တို့ မဟာမိတ်တွေနဲ့ စုပေါင်းပြီး ကယ်ထုတ်ခဲ့တာ၊ လက်နက်ကိုင်**တွေက ကျနော်တို့ရှိမှန်းသိတော့ မလိုက်ရဲကြဘူး၊ ရွာထဲမှာပဲ ကျန်ခဲ့ကြတာ၊ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်လိုက်ပါတယ်” လို့ TYK ပြောက်ကျားတပ်ဖွဲ့ဝင် စောကြီးက မြေလတ်အသံကို ပြောပါတယ်။

PDF တွေ ကယ်ဆယ်ပေးခဲ့တဲ့ အရပ်သားတွေဟာ သရက်ကန်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၈ နှစ် ဒေါ်အေး၊ အသက် ၆၀ နှစ် ဒေါ်ငြိမ်း၊ အသက် ၃၀ ကျော် ကိုဆန်းလင်းနဲ့ ၁၀ နှစ် ဝန်းကျင်ကလေး ၂ ဦး ဖြစ်ပြီး အဲ့ဒီထဲက ဒေါ်အေးမှာ သရက်ကန်ရွာကနေထွက်ခွာလာစဥ် မိုင်းထိဒဏ်ရာရခဲ့တာဖြစ်ပြီး TYK ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမာန်အဖွဲ့၊ မြိုင်ပကဖ တပ်ခွဲ ၁ တပ်ခွဲ ၄ စင်္ကြာဒေသ ကာကွယ်ရေးအဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်းကယ်ဆယ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သရက်ကန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိ ပျူစောထီးအင်အားတောင့်တင်းတဲ့ ကျေးရွာဖြစ်ပြီး ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်နေကာ အဲ့ဒီရွာက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ပေးခဲ့တဲ့ ပြည်သူ ၆၀ ကျော် ရှိပြီလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ