မတ္တရာနဲ့ပုသိမ်ကြီးက စစ်တပ်စခန်းတွေသိမ်းခံရပြီးနောက် လေယာဥ်နဲ့နေ့တိုင်းဗုံးကြဲနေလို့ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

0 47
0 47

မတ္တရာ၊ ဇူလိုင် ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာနဲ့ပုသိမ်ကြီးမြို့နယ် ကျေးရွာတွေက စစ်ကောင်စီတပ်အထိုင်စခန်းတွေ သိမ်းပိုက်ခံရပြီးတဲ့နောက် နေ့စဥ်လေယာဥ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ဇူလိုင် ၂၂ ရက်ကနေ ဒီကနေ့ ဇူလိုင် ၂၆ ရက်အထိ ပုသိမ်ကြီးမြို့နယ် မြကန်သာ၊ သရက်ကိုင်းနဲ့ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဥ်ဗုံးအလုံးရေအများအပြားကြဲချတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

” MDY-PDFနဲ့မဟာမိတ်အဖွဲ့တွေက မြကန်သာ၊ ထန်းပင်ကုန်း၊ သရက်ကိုင်းတွေကစကစအထိုင်တွေကိုသိမ်းပြီး အထိအတွေ့က တော်တော်ကြမ်းသွားတယ်။ လေကြောင်းဆို နှစ်ရက်ဆက်တိုက် အသီးရေကို မရေ(ရည်)နိုင်ဘူး။ မနက်မိုးလင်းကနေ ည ၁၂ နာရီထိကြဲတာ။ ယနေ့အချိန်ထိ လေကြောင်းကပါတယ်။ ဒီမနက်နဲ့မနေ့က ကြိုကြားလာကြဲတာရှိတယ်။ မနေ့ကဆို ၄ ကြိမ်၊ ဒီမနက်ဆို Y 12 နဲ့လာကြဲတာလည်းရှိတယ်”လို့ မတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့ ကင်မွန်းတောင်၊ ရွှေဖောင်ဦး၊ ပြည့်ဝတောင်၊ စကာတောင်၊ ကန်ဖြူ၊ တံတားဖြူ နေရာတွေကနေ လက်နက်ကြီးတွေနဲ့လည်း နေ့စဥ် အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့မနက်ထိ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲနေတာကြောင့် အိမ်​ခြေ ၁၀၀ ကနေ ၅၀၀ ကြားရှိတဲ့ ပုသိမ်ကြီးမြို့နယ် မြကန်သာ၊ သရက်ကိုင်း၊ ထန်းပင်ကုန်းကျေးရွာတွေနဲ့ မတ္တရာမြို့နယ် ဒဟတ်တော၊ လင်းမြွေချောင်း၊ ကင်မွန်းတောင်၊ ဝသုန်သရစတဲ့ ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတာပါ။

စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူပိုင်နေအိမ်တွေပျက်စီးတာ၊ ဒေသခံတွေထိခိုက်သေဆုံးတာတွေရှိထားပေမယ့် အခြေအနေအသေး စိတ်တွေကိုတော့ မသိရသေးဘူးလို့ အထက်ပါဒေသခံက ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြကန်သာ၊ ထန်းပင်ကုန်း၊ သရက်ကိုင်းကျေးရွာတွေက စစ်ကောင်စီအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗျူဟာမှူးလို့ ယူဆရသူ ဖြိုးကျော်အပါ ၆ ဦးသေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိထားတယ်လို့ ဇူလိုင် ၂၄ ရက်မှာ MDY-PDF က သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။