အလောင်းလာကောက်တဲ့အဖွဲ့ကို ဒရုန်းနဲ့ဗုံးထပ်ချလို့ ၄ ဦးဒဏ်ရာရ
ရွှေဘို၊ ဇူလိုင် ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးလမ်းပိုင်းတနေရာမှာ ဆိုင်ကယ် ၃ စီးနဲ့ မိုင်းလာထောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းသတင်းတာဝန်ခံထံက သိရပါတယ်။
ဇူလိုင် ၂၂ ရက်ယမန်နေ့ မနက် ၆ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအင်အား ၆ ဦးဟာ ရွှေဘိုကနေ လိပ်ချင်းကျေးရွာဘက်ကို ဆိုင်ကယ် ၃ စီးနဲ့မောင်းနှင်လာစဥ် ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


” လိပ်ချင်းဘက်လာပြီး မိုင်းလာလာထောင်တာပေါ့။ ကျနော်တို့ဘက်ကနေ ကြားထဲကနေဖြတ်ပစ်တာ။ လာတာက ၃ စီးမှာ ၂ စီးက ကပ်လာတာ။ နောက်ဆုံး ၁ စီးက ခပ်လှမ်းလှမ်းကျန်နေတော့ ရှေ့က ၂ စီးကိုပဲ ပစ်လိုက်ရတယ်။ နောက်ဆုံး ၁ စီးက ခံပစ်နေတာနဲ့ဘဲ ပစ္စည်းအကုန် လုံးမရလိုက်ဘူး”လို့ ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်း သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး BA 63 (G3) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၆၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


ပစ်ခတ်မှုဖြစ်ပြီးနောက် ၁ နာရီကျော်အကြာမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေရဲ့အလောင်းတွေကို လာကောက်ချိန် ဒရုန်းနဲ့ဗုံးသီးချထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း ၄၊ တပ်ခွဲ ၁ နဲ့ မဟူရာရွှေဘိုသားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇွန် ၂၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်း၊ စစ်ကောင်စီစခန်းကုန်းနဲ့ ဘိုးနတ်တောင်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ