မကွေးမြို့ပေါ်မှာ ဧည့်စာရင်းတိုင်ကြားမှုပိုမိုတင်းကြပ်လာလို့ စစ်ရှောင်လာသူတွေအခက်တွေ့

0 22
0 22

မကွေး၊ ဇူလိုင် ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်လာရှောင်သူတွေကို စစ်ကောင်စီဘက်က ဧည့်စာရင်း တိုင်ကြားမှုနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်လာတဲ့အတွက် အခက်ကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီက သိရပါတယ်။

ယခင်က ဧည့်စာရင်းတိုင်ကြားရာမှာ မှတ်ပုံတင်နဲ့ ဧည့်စာရင်းတိုင်ကြားရင် နေထိုင်ခွင့် တလသက်တမ်း ရကြပေမယ့် ဇူလိုင်လဒုတိယအပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားရာမှာ ယခင်လို တလသက်တမ်းမပေးတော့တာ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုမိတ္တူပေးရတာ၊ အိမ်ရှင်ဓာတ်ပုံ၊ အိမ်ရှင်ရဲ့ ဖုန်းနံပါတ်၊ အိမ်လိပ်စာတွေပါပေးလာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်အုပ်ချုပ်ရေးမှူးကတဆင့် ရဲစခန်းကို video call ခေါ်ကာ ဧည့်စာရင်းတိုင်ကြားသူတွေကို ပြသရတာ၊ ဧည့်စာရင်းတိုင်ကြားသူအားလုံး ရုံးကိုလာရတာတွေကို လုပ်ဆောင်လာရတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ ဧည့်စာရင်းတိုင်ရင် ၁ ယောက် ၁ ထောင်နှုန်းနဲ့ မိသားစုအရေအတွက် အလိုက်ပေးနိုင်ရင် ၁ လခွင့်ပြုတယ်။ ဒုတိယအပတ်လောက်စပြီး ရက်ပြည့်လို့သွားတိုင်တော့ မရတော့ဘူး။ မေးတယ် ဘယ်ကလည်း စလင်းကလား ပွင့်ဖြူကလား။ ပွင့်ဖြူဆို ၁ ပတ်လောက် ရတယ်။ စလင်းဆိုရင် ၃ ရက်၊ ၁ ပတ် အဲ့လိုရတယ်။ အုပ်ကြီးဆီရောက်ရင် ရဲစခန်းကို ဖုန်းခေါ်တယ်။ တခါတလေကျလည်း video call ခေါ်ပြီး လူတွေပြရတယ်။ ရဲကရတယ်။ ခွင့်ပြုတယ်ဆိုမှ ၃ ရက် ၁ ပတ်ရကြတာ”လို့ စလင်းမြို့နယ်ကစစ်ဘေးရှောင်တဦးက ပြောပါတယ်။

အခုလိုလုပ်ဆောင်လာတာဟာ ဧည့်စာရင်းတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ရဲဘက်ကနေ တင်းကြပ်လိုက်တာလို့သာသိရတဲ့အပြင် စလင်းဘက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စလင်းဒေသခံတွေကို ပိုမိုဖိနှိပ်တာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

ဧည့်စာရင်းတိုင်ကြားရာမှာလည်း ရပ်ကွက်အလိုက်ငွေကြေးကောက်ခံတာမတူညီဘဲ လူ၁ ဦးကို ငွေကျပ် ၁,၀၀၀ မှ ၃,၀၀၀ ထိပေးရတယ်လို့ ဆိုပါတယ်။

ဧည့်စာရင်းတိုင်ကြားရာမှာ ရတဲ့ရက်က တိုတောင်းတာကြောင့် မကြာခဏ အုပ်ချုပ်ရေးမှူးရုံးသွားနေရလို့ အလုပ်အကိုင်ပျက်ရတာ၊ ဧည့်စာရင်းတိုင်ကြားရာမှာ လူများတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာ၊ ဧည့်စာရင်းတိုင်ကြားတိုင်း ငွေပေးရတာကြောင့်ငွေကုန်တာ စတဲ့ အခက်အခဲတွေ ကြုံရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေအနေနဲ့ နေအိမ်တွေမှာ နေထိုင်ချိန်မှာလည်း မီးချိတ်၊ မီးကပ်လုပ်ထား၊ မထား၊ နေအိမ်မှာ လူတွေရှိ၊ မရှိဆိုတာမျိုးကို အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အရန်မီးသတ်တွေက မကြာခဏ လာရောက် စစ်ဆေးတာမျိုးတွေလည်း ရှိနေသလို စစ်မှုထမ်းကြေးကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံချိန် ၅,၀၀၀၊ ၁၀,၀၀၀ ကျပ်မျိုးထည့်ဝင်ရသေးတယ်လို့ ဆိုပါတယ်။

မကွေးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကစပြီး စလင်းနဲ့ပွင့်ဖြူမြို့နယ်တွေဘက်က ဒေသခံတွေက မကွေးမြို့ပေါ်ကို စစ်လာရှောင်နေရပြီး စစ်ရှောင်ဦးရေ ခန့်မှန်း ၂,၀၀၀ လောက်ရှိနိုင်တယ်လို့ အထက်ပါစစ်ဘေးရှောင်ထံက သိရပါတယ်။

မကွေးမြို့ပေါ်မှာ စစ်ဘေးလာရှောင်နေရသူတွေဟာ ငွေကြေးတတ်နိုင်သူ အချို့က ရပ်ကွက်တွေအတွင်း နေအိမ်ဌားရမ်းနေထိုင်တာ၊ ငွေကြေးမတတ်နိုင်သူတွေက အသိမိတ်ဆွေနေအိမ်၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အချို့ကတော့ ဒေသမှာ တိုက်ပွဲငြိမ်သက်ရင် အိမ်ပြန်နေလိုက် တိုက်ပွဲပြန်ဖြစ်ရင် မကွေးမြို့ပေါ်တက်လာလိုက်နေသူတွေရှိသလို အချို့ကျတော့ နေရပ်ကိုမပြန်တော့ဘဲ မကွေးမြို့ပေါ်မှာ အဆင်ပြေရာ အလုပ်အကိုင်ရှာဖွေပြီး နေထိုင်စားသောက်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။