မြေလတ်အသံ၊ ဇူလိုင် ၂၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ စာသင်ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၇ နှစ်ကလေးငယ် ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၁ ရက်မနက် ၉ နာရီကျော်မှာ ချောင်းဦးမြို့ ထွေအုပ်ရုံးရှိစစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ကျည် ၂ လုံးမှာ မှန်ချိုကျေးရွာတောင်ပိုင်းရှိ စာသင်ကျောင်း(အလက) အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲမရှိပါဘူး။ ကျောင်းက မုန့်စားကျောင်းဆင်းချိန်ပါ။ ကျောင်းထဲမကျဘူး။ သေတဲ့ကလေးက လက်နက်ကြီးထုတယ်ဆိုလို့ အိမ်ပြန်ပြေးတာလမ်းမှာထိတာ။ တခြားကလေးနှစ်ယောက်က ကျောင်းနားတလုံးကျလို့ အစစင်တာ”လို့ မြေပြင်အခြေအနေကို သိရှိတဲ့ အမျိုးသားတဦးကပြောပါတယ်။
သေဆုံးသူမှာ ၇ နှစ်အရွယ်ကျောင်းသူဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ၅ နှစ်နဲ့ ၆ နှစ်အရွယ် ကျောင်းသား ၂ ဦးတို့ဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်လာခဲ့တာကြောင့် ချောင်းဦးမြို့နဲ့ ၃မိုင်ကျော်ကွာ၊ အိမ်ခြေ ၉၀၀ ခန့်ရှိတဲ့ မှန်ချိုကျေးရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ ငါးလုံးတင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း