myaelatt athan

Sharing Information to the Local

ရဲတွေမောင်းလာတဲ့ကား အမြန်လမ်းမှာ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ကားကိုမီးရှို့ပြီး လက်နက်ခဲယမ်းတွေကို PDF သိမ်းဆည်း

မန္တလေး၊ ဇူလိုင် ၂၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ဆီက သိရပါတယ်။

အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေမောင်းနှင်လာတဲ့ကားကို ဇူလိုင် ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ အသင့်စောင့်ပြီး ပြောက်ကျားပုံစံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားကိုလည်းမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“ကားကတော့ စစ်သုံး ရဲသုံး ကားပဲ၊ ကားပေါ်မှာပါတာက ၂ ဦးပဲပါတာ၊ ကားပေါ်ပါတာက ရဲတွေပါ၊ ကားပေါ်ပါတဲ့ ၂ ဦးလုံးကတော့သေတယ်၊ ကျနော်တို့ ကားကိုတော့မယူခဲ့ဘူး၊ မီးရှို့ဖျက်ဆီးခဲ့တယ်၊ အလောင်း ၂ လောင်းကိုတော့ ကားနဲ့ မနီးမဝေးမှာထားခဲ့တာ”လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနဲ့ တပ်ရင်း ၁၀ တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန်အတွင်း လမ်းသွားလမ်းလာပြည်သူတွေ ထိခိုက်မှုမရှိအောင် တားဆီးထားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ပစ်ခတ်ခဲ့တဲ့အချိန်မှာ အရမ်းရှုပ်ထွေးတာတော့ မဖြစ်ခဲ့ဘူး၊ သူတို့ကား ၁ စီးပဲ လမ်းမပေါ်မှာ ပေါ်ပေါ် ထင်ထင်ရှိတာ၊ တချို့ကားတွေက နောက်မှာပဲကျန်ခဲ့တာ၊ ပစ်ခတ်မှုဖြစ်စဉ်မှာ ပြည်သူတွေ ထိခိုက်မှာ စိုးတာကြောင့် ဟိုဘက် ဒီဘက်လမ်းတွေ ကျနော်တို့တားစီးထားတာတွေရှိတယ်၊” လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်လာတဲ့ BA-94 ၂ လက်၊ ကျည်ဘောက် ၅ ခု၊ 9 မမ ကျည် ၁၂၃ တောင့်၊ 7.62 ကျည် ၁၂၇ တောင့်တို့ကို သိမ်းဆည်းပြီး ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကလည်း ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့စစ်ကြောင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။