စစ်ဖိနပ်ဝယ်မစီးနိုင်လို့ ညှပ်ဖိနပ်အသုံးပြုကင်းပတ်တဲ့ ရပ်ကျေးပကဖလူငယ် မြွေကိုက်ခံရပြီး ကျဆုံး

မြေလတ်အသံ၊ ဇူလိုင် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တပ်ဖွဲ့ဝင် ၁ ဦး အဆိပ်ပြင်းမြွေ(မြွေပွေး)ကိုက်ခံရပြီးနောက် ဆေးကုသမှုခံယူနေချိန် ကျဆုံးခဲ့တယ်လို့ Kantbalu Counter Revolution Army (KBU-CRA) က ပြောပါတယ်။

ကျဆုံးခဲ့သူမှာ ညောင်ပေါင်ရင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသက် ၁၉ နှစ်အရွယ် ရဲကို ကို(ခ)ကံကောင်း ဖြစ်ပြီး သူဟာ ဇူလိုင် ၁၁ ရက်မနက်ပိုင်းမှာ ကျေးရွာကိုကင်းပတ်နေချိန် ဝဲဖက်ခြေဖမိုးကို အဆိပ်ပြင်းမြွေကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ကန့်ဘလူမြို့နယ်မှာ NUG ကဖွင့်ထားတဲ့ ပြည်သူ့ဆေးရုံ ရှိတယ်။အဲ့ဒီဆေးရုံးကို သွားတာ လမ်းက စစ်ကြောင်းရှိနေလို့ ပြန်လှည့်ခဲ့ရတယ်”လို့ Kantbalu Counter Revolution Army (KBU-CRA)တာဝန်ခံ ကိုငယ်လေး က ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့ကြီးတခုရဲ့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးရုံရောက်နောက်ကျတာ၊ ကျောက်ကပ်ဆေးဖိုးမတတ်နိုင်ခဲ့တာတွေကြောင့် ဇူလိုင် ၁၉ ရက်မနက် ၈ နာရီမှာ ကျဆုံးသွားတာလို့ သိရပါတယ်။

“အဲ့ဒီ(လုံခြုံရေးအရမြို့အမည်မဖော်နိုင်တဲ့)ဆေးရုံကို လမ်းကြောင်းအမျိုးမျိုးရှာပြီး သွားခဲ့ရတာ။ ဆေးရုံရောက်တော့ အဆိပ်ကလွန်သွားတယ်။ နှလုံး၊အဆုပ်တွေ၊အသည်းတွေ ကျွမ်းသွားတယ်”လို့ သူက ဆက်ပြောပါတယ်။

ရဲဘော် ကံကောင်းဟာ အထက်ပါဆေးရုံပေါ်မှာပဲ ကျ‌ဆုံးခဲ့တာကြောင့် ၎င်းရဲ့ရုပ်အလောင်းကို ကန့်ဘလူရှိပကဖစခန်းရှိရာကို ဇူလိုင် ၂၀ ရက်ဒီကနေ့မှာ ပြန်လည်သယ်ယူလာခဲ့ပြီး နာရေးကိစ္စတွေ ဆက်လက်ဆာင်ရွက် နေတယ်လို့ သိရပါတယ်။

ကျေးရွာလုံခြုံရေးအတွက် ကင်းပတ်လှည့်နေချိန် ပကဖတပ်ဖွဲ့ဝင် ကံကောင်းမှာ တိုက်ခိုက်ရေးစစ်ဖိနပ်မရှိလို့ `ရှိုးဝါး´အမျိုးအစား ညှပ်ဖိနပ်စီးကင်းလှည့်ချိန် အခုလို အဆိပ်ပြင်းမြွေကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ဖိနပ် ၁ ရံကို ၅၅,၀၀၀ ကျပ်စျေးရှိပေမယ့် ဝယ်ယူဖို့လမ်းကြောင်းခက်ခဲတာအပြင် တပ်ဖွဲ့အနေနဲ့လည်း ငွေကြေးအဆင်မပြေတာကြောင့် ရဲဘော်တွေဟာ စစ်ဖိနပ်အစား ညှပ်ဖိနပ်အသုံးပြုကာ စစ်ဘက်တာဝန်တွေ ထမ်းဆောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။