အာဇာနည်နေ့အခမ်းအနားလုပ်မယ့်နေရာအနီး မိုင်းကွဲလို့ စစ်ကောင်စီဘက်က ပွဲကိုဖျက်သိမ်း

0 61
0 61

◼ မိုင်းကွဲပြီးနောက် ကင်းလှည့်စစ်ဆေးပြီး လူငယ်တဦးကို ဖမ်းဆီး

ပွင့်ဖြူ၊ ဇူလိုင် ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့ပေါ်မှာ အာဇာနည်နေ့အခမ်းအနားပြုလုပ်မယ့်နေရာအနီး မိုင်းကွဲလို့ စစ်ကောင်စီ ဘက်က အခမ်းအနားဖျက်သိမ်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက်မနက် ၇ နာရီခန့်မှာ အလယ်ပိုင်းရပ်ကွက်နဲ့ အရှေ့ပိုင်းရပ်ကွက်အကြားရှိ လွတ်လပ်ရေး ကျောက်တိုင်အနီးမှာ မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အသေအပျောက်တွေတော့ မရှိဘူး။ မိုင်းကလည်းအသေးစားလေးဆိုတော့။ ဒါပေမယ့် သူတို့(စကစ)ဘက်က ထိတ်လန့်ပြီးတော့ မြို့ထိပ်တွေပတ်လည်မှာ စစ်ဆေးပိတ်ဆို့တာတွေတော့ လုပ်သွားတယ်။ အစကတော့ စကစဘက်က အခမ်းအနားလုပ်ဖို့စီစဥ်ထားတာ။ အစီအစဥ်လည်း ပျက်သွားတယ်။ ကင်းချထားတဲ့သူတွေလည်း ပျောက်ကုန်တယ်။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းကွဲပြီးနောက်မှာ မြို့ပတ်လမ်းနဲ့ လက်ခုပ်ရွာလမ်းခွဲ၊ ပွင့်ဖြူမြို့တောင်ဘက်အထွက် အထကကျောင်းအနီး၊ စက်မှု ၁ စံပြထိပ်အနီးမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို မြို့တွင်းမှာ ကားတွေနဲ့ ကင်းလှည့်ထွက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ မနေ့မနက် ၁၀ နာရီကျော်လောက်မှာ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်ဖို့စီစဥ်ထားတာဖြစ်ပြီး အခမ်းအနားပျက်သွားပြီးနောက် ဩဥဆွဲတဲ့အစီအစဥ်တွေကိုပါ မလုပ်တော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက မြို့ပတ်လမ်းနဲ့လက်ခုပ်ရွာလမ်းခွဲကို စစ်ဆေးမှုပြုလုပ်နေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ ဒေးဒရဲကျေးရွာနေ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ဘယ်ကို ခေါ်ဆောင်သွားလည်းဆိုတာတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

အဆိုပါ မိုင်းဖောက်ခွဲမှုကိုတော့ ဘယ်အဖွဲ့အစည်းတွေဘက်က ပြုလုပ်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာအဖွဲ့တွေဘက်က ဇူလိုင် ၂၀ ရက် မနက်ပိုင်းထိ သတင်းထုတ်ပြန်တာမျိုး မပြုလုပ်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၁ ရက်ကလည်း ပွင့်ဖြူမြို့၊ မြောက်ဘက်အထွက်၊ ရွှေလက်ပံရပ်ကွက် အကွေ့ ပွင့်ဖြူမြို့ ဆိုင်းဘုတ်အနီးမှာ ယာဥ်စစ်ဆေးဖို့ရောက်လာတဲ့ ယာဥ်ထိန်းနဲ့စစ်တပ်အဖွဲ့ မိုင်းဆွဲခံရလို့ ယာဥ်ထိန်း ၂ ဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။