ပခုက္ကူ၊ ဇူလိုင် ၁၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ နဲ့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အခြေစိုက် ခလရ ၅၃ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဘက်ပြောင်းခိုလှုံလာတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပခုက္ကူအခြေစိုက် ခလရ ၂၅၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဘက်ပြောင်းခိုလှုံလာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးအဖွဲ့ဆီက သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုမျိုးဇင်ဟာ ဇူလိုင် ၁၄ ရက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

“စစ်ကိုင်းတံတားပေါ်မှာ ခရီးသွားရင်းအဆွဲခံရတာလို့ပြောတယ်။ စစ်ကိုင်းတံတားကို ဟိုဘက် ဒီဘက်ညှပ်ပြီး ပေါ်တာဆွဲခံလိုက်ရတာလို့ပြောတယ်၊ လွတ်မြောက်တဲ့ဆီ သူရောက်တဲ့နေရာကို မဟာမိတ်နဲ့သွားပြီး ခေါ်ဆောင်ရတာပေါ့။ လက်နက်တော့ပါမလာခဲ့ဘူး၊” လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကိုင်းမြို့သားကိုမျိုးဇင်ဟာ အခုနှစ်ဖေဖော်ဝါရီလက ခရီးသွားစဥ် စစ်ကိုင်းတံတားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံရပြီးနောက် မတ် ၁၇ ရက်ကစပြီး ခလရ ၂၅၂ မှာစစ်သင်တန်းတက်ရောက်ခဲ့ရာက စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်လာတာလို့ ဆိုပါတယ်။
လက်ရှိမှာ သူ့ကိုလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အခြေစိုက် ခလရ ၅၃ က စစ်ကောင်စီသား ၂ ဦးလည်း လက်နက်တွေနဲ့ ဘက်ပြောင်းလာခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow ကပြောပါတယ်။
ဘက်ပြောင်းလာသူတွေဟာ အသက် ၄၀ ကျော်အရွယ် စစ်မှုထမ်းသက်တမ်း ၁၉ နှစ်ရှိသူ ၁ ဦးနဲ့ စစ်မှုထမ်းသက် ၆ လကျော်ရှိသူ ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ဟာ ဇူလိုင် ၉ ရက်မှာ တပ်ထဲကနေ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။
“သူတို့နှစ်ဦးက ကြိုတင်ပြီးချိတ်ဆက်ထားတာမရှိဘူး။ သူတို့က ကျနော်တို့ရိုးပေါ်ကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဆီမှာ အလင်းဝင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ထွက်ပြေးလာတာပါ။ ကျနော်တို့ တပ်ရင်းနဲ့တွေ့တာပါ”လို့ ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow ကပြောပါတယ်။


အဆိုပါတပ်သား ၂ ဦးမှာ MA4-၁လက်၊ MA3-၁ လက်၊ 5.56 ကျည်-၃၈၄တောင့်၊ 40mm ဗုံးသီး-၁၆လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၈ ဘောက်တို့ပါခဲ့တာကြောင့် စုစုပေါင်း ငွေကျပ်သိန်း ၈၀ ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ ၂ ဦးကိုကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးကာ ကောင်းမွန်စွာစောင့်ရှောက်ပေးထားပြီး ၎င်းတို့ ၂ ဦးအပါအဝင် တပ်ရင်း ၃၆၀၁ ကိုဘက်ပြောင်းလာခဲ့သူ စုစုပေါင်း ၁၀ ဦးရှိနေပြီလို့လည်း သူကဆက်ပြောပါတယ်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ပထမပတ်အထိ မြန်မာနိုင်ငံတဝန်းမှာ ဘက်ပြောင်းခိုလှုံ၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁,၆၀၁ ဦးထိရှိခဲ့တယ်လို့ ဇူလိုင် ၁၆ မှာ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စာတည်း – လင်း