လှည့်ကင်းလာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ တပ်ကြပ်ကြီးအဆင့် ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

0 4
0 4

ငါန်းဇွန်၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ကျေးရွာအနီးမှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်ည ၇ နာရီ ၁၅ မိနစ်ခန့်မှာ သားကြင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့မှ အင်အား ၁၀ ဦးကျော်ဟာ လှည့်ကင်းထွက်ချိန် ကျေးရွာအပြင်ဘက်ဘုရားနားအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ Local People’s Defense Force – SINTGAING ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကို ဒေသကာကွယ်ရေးမိတ်ဖက်အဖွဲ့တွေကခေါ်လို့ ပူးပေါင်းသွားရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ချိန်ကတော့ မိနစ် ၂၀လောက်ကြာတယ်။ သူတို့လူတွေ အလစ်အငိုက်ခံလိုက်ရလို့ ပြန်ပစ်တာပါ။ ထိခိုက်သူတွေကို သူတို့အဖွဲ့တွေပြန်ဆွဲသွားတာက မျက်မြင်ပါ။ မျက်မြင်အရတော့ ၄ ယောက်သေတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်‌ကြောင်းကို ခြုံခိုတိုက်ခိုက်ဖို့သွားကြချိန် တဖက်ကသတင်းရသွားပြီး စတင်ပစ်ခတ်ခဲ့လို့ သတ်မှတ်နေရာမရောက်ခင်မှာပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကာ အနီးကပ်ပစ်ခတ်ခဲ့ရတယ်လို့လည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တဲ့ ငါန်းဇွန်ပကဖတပ်ဖွဲ့မှ သတင်းတာဝန်ခံက ပြောပါတယ်။

“ချဉ်းကပ်တဲ့အနေထားကို ဒီကောင်တွေက ရိပ်စားမိသွားတယ်၊ သတင်းပေးရှိလို့လား ဘာလားတော့ မသိဘူးပေါ့နော်၊ ကျနော်တို့မှန်းသိလိုက်တာနဲ့ စပစ်တာဗျ၊ ဘောလုံးကွင်းထဲမှာစပစ်တော့ ခြုံခိုတိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့နေရာ မရောက်တဲ့အချိန်တွင်းမှာပဲ Battle ဖြစ်သွားတယ်”လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအပါ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ MA – 2 ၁ လက်နဲ့ဖုန်း၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး သေဆုံးဒဏ်ရရာသူတွေကိုတော့ စစ်ကောင်စီဘက်က ည ၁၂ နာရီခန့်မှာ ကားတွေနဲ့သယ်ဆောင်ကာ ငါန်းဇွန်မြို့ဘက်ကိုသွားတယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်ကြီးနန္ဒမင်း ဆိုသူပါပါ၀င်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ‌ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သားကြင်ရွာထဲက နေအိမ်တခုပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်မှာရှိတဲ့ ပြည်သူ ၂ ဦးလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ အင်အား ၃၀ ကျော်နဲ့ သာကြင်ကျေးရွာမှာ တပ်စွဲထားတာ ၃ လကျော်ရှိနေပြီး ဘေးအနီးအနားရွာတွေကို စစ်ကြောင်းလိုက် လှုပ်ရှားသွားလာတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို LPDF SINTGAING၊ TGYR – Youth Guerrila Counter Revolution (LPDF)၊ ငါန်းဇွန်မြို့နယ်ပကဖ၊ MN PDF Myitnge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကြားတပ်ဖွဲ့၊ ကျောက်ဆည် ပကဖ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၅ ရက်ညပိုင်းကလည်း ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကြီးရိုးရွာအနီး ငါန်းဇွန်-တံတားဦး ၁၄ မိုင်လမ်းပေါ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီအဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။