ပဲခူး၊ ဇူလိုင် ၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်နဲ့ဝေါက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ခု တပြိုင်တည်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင် ၁ ရက်နေ့ ဒီနေ့မှာ ပဲခူးခရိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
ဇွန် ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်မှာ ခမရ ၅၉၈ တပ်ရင်းရှေ့မှာ ဘန်ကာနဲ့ ကတုတ်ကျင်းတွေ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်ခဲ့သလို ဝေါမြို့နယ်၊ သူရဲသမိန်ကမ်းနားပိုင်းရှိ စစ်ကောင်စီတပ်လက်နက်ကြီးအထိုင်ချထားတဲ့နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“တပြိုင်နက်ထဲ ပစ်တာပါ။ သူရဲသူမိန်ရော၊ ၅၉၈ ရောပါ တန်ပြန်လက်နက်ကြီးပြန်ပစ်ပါတယ်။ လက်နက်ငယ်လဲ ဖောက်ပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါ။”လို့ ပဲခူးခရိုင်ပကဖ တာဝန်ခံကပြောပါတယ်။
ပစ်ခတ်မှုအတွင်းမှာ သူရဲသမိန်ကမ်းနားပိုင်းရှိ စစ်ကောင်စီတပ်လက်နက်ကြီးအထိုင်ချထားတဲ့နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ခမရ ၅၉၈ ဘန်ကာပြုပြင်နေတဲ့ နေရာက ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာကိုတော့ ဒေသခံ သတင်းပေးတွေထံကနေတဆင့် အတည်ပြုထားနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ KNU/KNLA တပ်မဟာ(၃)၊ ရင်း(၇)နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ ပဲခူးခရိုင် ပကဖ၊ ဗျူဟာ(၃၆) ဒေါနတပ်ရင်းတို့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မေ ၈ ရက်နေ့မှာ ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၃ ရက်အကြာ မေ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်ရယူပြီးနောက် ပျက်စီးသွားတဲ့အဆောက်အဦတွေကို ပြန်လည်ပြင်ဆင်နေတာလို့ သိရပါတယ်။
စာတည်း – မြတ်